ဂူဂဲလ်၏နောက်ဆုံးပေါ် ဉာဏ်ရည်တုနည်းပညာ Gemini မော်ဒယ်ကို စတင်မိတ်ဆက်

ဝါရှင်တန်    ဒီဇင်ဘာ    ၇

ဉာဏ်ရည်တုနည်းပညာ ပြိုင်ဆိုင်မှုများ ပြင်းထန်လာချိန်တွင် ဂူဂဲလ်သည် ၎င်း၏ နောက်ဆုံးပေါ် ဉာဏ်ရည်တုနည်းပညာမော်ဒယ်ကို ယမန်နေ့က စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

၎င်း၏  Gemini  ဟု အမည်ပေးထားသည့် ဉာဏ်ရည်တုနည်းပညာသည် စာသား၊ အသံနှင့် ဗီဒီယို အပါအဝင် အချက်အလက်များကို ပုံစံအမျိုးမျိုးဖြင့် ပေါင်းစပ်ပေးနိုင်သည်ဟု အမေရိကန်နည်းပညာ ကုမ္ပဏီဂူဂဲလ်က ပြောသည်။

Gemini ဉာဏ်ရည်တုနည်းပညာကို မကြာမီတွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း အမေရိကန်နည်းပညာကုမ္ပဏီ ဂူဂဲလ်က ထပ်လောင်းပြောသည်။

Gemini သည် လက်ရှိ AI မော်ဒယ်များထက် ပိုမိုအသုံးဝင်သော တုံ့ပြန်မှုများနှင့် အဆိုပြုချက်များကို ပေးစွမ်းနိုင်သောကြောင့် ကျယ်ပြန့်သော အချက်အလက်များစွာကို တိကျမှန်ကန်စွာ ဝန်ဆောင်မှု ပေးနိုင်သည်ဟု ဂူဂဲလ်က အခိုင်အမာဆိုသည်။

တီထွင်ဖန်တီးမှုနည်းပညာအပေါ် အခြေခံ၍ Gemini ဉာဏ်ရည်တုဝန်ဆောင်မှုကို ဗားရှင်းသုံးမျိုး ခွဲခြားပြီး အသုံးပြုသူများကို ဝန်ဆောင်မှုပေးရန် ဂူဂဲလ်က စီစဉ်ထားသည်။

Gemini ဉာဏ်ရည်တုဝန်ဆောင်မှုကို ၎င်း၏ Bard chatbot ၏ အင်္ဂလိပ်ဗားရှင်းဖြင့် ပထမဆုံး စတင်ရောင်းချမည်ဖြစ်သည်။ OpenAI သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ChatGPT ကို မိတ်ဆက်ပြီးကတည်းက ဉာဏ်ရည်တုနည်းပညာ အသုံးပြုမှုသည် ကမ္ဘာအဝှမ်း၌ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်