ဂျပန်ဝန်ကြီးချုပ် နှင့် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား တွေ့ဆုံဆွေးနွေး

၁၃ ဇန်နဝါရီ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားတို့ နှစ်ဦးတွေ့ဆုံကာ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံရေးတင်းမာမှုကို ဖြေလျော့ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

 

၎င်းတို့နှစ်ဦး ဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနိုင်ငံ အနောက်မြောက်ဘက် အယ်လ်အူလာမြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြသည်။ အစောပိုင်းကလည်း အာဘေး သည် ဆော်ဒီအာရေဗျ ဘုရင် ဆယ်လ်မန် ဘင် အဘဒူလ်အာဇစ်နှင့် မြို့တော်ရီယာ့ဒ် တွင် တွေ့ဆုံခဲ့သည်။

 

အာဘေးနှင့်ဆော်ဒီအိမ်ရှေ့မင်းသားတို့နှစ်ဦး တွေ့ဆုံဆွေးနွေးပွဲသည် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။  အာဘေးသည် ဆော်ဒီအမျိုးသားဝတ်စုံကို ဝတ်ဆင်ကာ ထိုဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။

 

အီရန်နိုင်ငံပါဝင် ပတ်သက်သည့် အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခသည် ကမ္ဘာလုံးအနှံ့ အကျိုးသက်ရောက်မှု ရှိသည်ဟု အာဘေးက ဆိုသည်။

 

အာဘေးက ဆော်ဒီအာရေဗျနိုင်ငံ၏ ထိန်းထိန်းသိမ်းသိမ်းတုံ့ပြန်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုကာ ထပ်မံ တင်းမာမှုများ ဖြစ်ပွားခြင်း ကို ရှောင်ရှားသင့်ကြောင်း ပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံအနေဖြင့် သံတမန်အရေးအရ အစွမ်းကုန် ဆက်လက်ကြိုးပမ်း လုပ်ဆောင်နေသည်ဟု အာဘေးက ထပ်လောင်းပြောကြားခဲ့သည်။

 

ဆော်ဒီ အိမ်ရှေ့မင်းသားက ဂျပန်နိုင်ငံ၏ သံခင်းတမန်ခင်း လုပ်ဆောင်မှုအတွက် အာဘေးကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုသည် ကမ္ဘာအနှံ့တွင် ဆိုးကျိုးသက်ရောက်နိုင်ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ရန် ဆော်ဒီ အိမ်ရှေ့မင်းသားက ပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံက ကာကွယ်ရေးတပ်ဖွဲ့လေယာဉ်နှင့် ဖျက်သင်္ဘောတစ်စီးကို ဒေသတွင်းသို့ စေလွှတ်ကာ ဂျပန်နိုင်ငံနှင့်ဆက်သွယ်မှုရှိသော သင်္ဘောများ၏ လုံခြုံမှု သေချာစေရန် သတင်းအချက်အလက်စုဆောင်းရန် စီစဉ်ခဲ့ကြောင်းကိုလည်း အာဘေး က ရှင်းလင်းပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို ဆော်ဒီအိမ်ရှေ့မင်းသားက အသိအမှတ်ပြုခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို