ဂျပန်ဝန်ကြီးချုပ် အရှေ့အလယ်ပိုင်းဒေသသို့ ငါးရက်ကြာ သွားရောက်မည်

တိုကျို ၁၁ ဇန်နဝါရီ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဇန်နဝါရီ ၁၁ ရက်မှစ၍ ငါးရက်ကြာခရီးအဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ယနေ့ပြောကြားသည်။

 

ဂျပန်အစိုးရက သတင်းအချက်အလက်စုဆောင်းရေး တာဝန်ဖြင့် ဖျက်သင်္ဘောတစ်စင်းနှင့် ကင်းလှည့်လေယာဉ် များကို အရှေ့အလယ်ပိုင်းဒေသသို့စေလွှတ်ရန် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပြီးနောက် အာဘေးအနေဖြင့် ၎င်း၏အရှေ့အလယ်ပိုင်းခရီးစဉ်ကို ဇန်နဝါရီ ၁၁ ရက်မှ စတင်မည်ဖြစ်သည်။

 

အာဘေးသည် အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား တင်းမာမှုများ အရှိန်မြင့်မားနေသည့်ကြားက ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်လျက် ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် အိုမန်နိုင်ငံ တို့သို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး အဆိုပါနိုင်ငံများမှ ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးရန် ရည်ရွယ်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူကာက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။

 

အာဘေးသည် ဒေသတွင်းတင်းမာမှုလျှော့ချရေးနှင့် အခြေအနေတည်ငြိမ်ရေးအတွက် အရေးပါသော အခန်း ကဏ္ဍမှပါဝင်သော အဆိုပါသုံးနိုင်ငံမှ ခေါင်းဆောင်တို့နှင့် အတူ အမြင်ချင်းဖလှယ်ကြမည်ဖြစ်ကြောင်း ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ဆူဂါက ပြောကြားသည်။ အာဘေးသည် ရေနံသယ်ယူပို့ဆောင်မှု တည်ငြိမ်ရေးနှင့် သင်္ဘောသွားလာမှုလုံခြုံရေးအတွက် အဆိုပါသုံးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အရှေ့အလယ်ပိုင်းဒေသအတွင်း ထောက်လှမ်းရေး စွမ်းပကားတိုးမြှင့်ရေးအတွက် ဂျပန်အစိုးရက ရေတပ်နှင့် စစ်အင်အားများ စေလွှတ်မှုနှင့်ပတ်သက်၍ အာဘေး အနေဖြင့် အဆိုပါသုံးနိုင်ငံမှခေါင်းဆောင်များကို ရှင်းလင်း ပြောကြားလိမ့်မည်ဟု မျှော်လင့်သည်။ ဂျပန်အစိုးရသည် ၎င်း၏စစ်ဆင်ရေးအတွက် အိုမန်ပင်လယ်ကွေ့နှင့် အာရေဗျ ပင်လယ် အစိတ်အပိုင်းဒေသများသို့ တပ်ဖွဲ့စေလွှတ်ရေး အမိန့်စာကို ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ အရှေ့အလယ်ပိုင်းဒေသအတွင်း ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်၏ စစ်ဆင်ရေးသက်တမ်းမှာ တစ်နှစ် ဖြစ်သော်လည်း အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ယင်း သက်တမ်းကို ထပ်တိုးနိုင်သည်။

 

ဂျပန်နိုင်ငံသည် ရေနံစိမ်းတင်သွင်းရေးအတွက် အရှေ့အလယ်ပိုင်းဒေသကို အားကိုးအားထားပြုလျက်ရှိရာ အရှေ့အလယ်ပိုင်းဒေသကို ဖြတ်သန်းသည့် ဂျပန်ကုန်သွယ် ရေးသင်္ဘောများ၏ လုံခြုံရေးအတွက် ဂျပန်တပ်ဖွဲ့ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ရန် ရည်ရွယ်ခြင်းဖြစ် သည်။

 

ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် အီရန် နှစ်နိုင်ငံစလုံးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့် နိုင်ငံ ဖြစ်ရာ မကြာသေးမီ သီတင်းပတ်များက အမေရိကန်နှင့် အီရန်အကြား ဖြစ်ပွားသောဖြစ်ရပ်များနှင့်ပတ်သက်၍ ခက်ခဲသော အနေအထားတွင် ရှိနေခဲ့သည်။

 

ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတွင် အီရန်ထိပ်တန်းတပ်မှူး ဆိုလန်မန်နီ သေဆုံးခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှု အရှိန်မြင့်မားလာခဲ့ပြီး စစ်ပွဲဖြစ်ပွားမည်ဟု စိုးရိမ်စိတ်များ ဖြစ်ပွားစေခဲ့သည်။

ကိုးကား - ကျိုဒို၊ ဘာသာပြန် - ဂျေတီ