ဂျပန်နှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးရေးမှ အဓိကရည်မှန်းချက် ရုရှား ပြော

 ၂၈ ဇန်နဝါရီ

ဂျပန်နိုင်ငံနှင့် ငြိမ်းချမ်းရေးစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးရေးမှာ ဆက်လက်ပြုလုပ်ရန် ရည်မှန်းထား သည့် ဆွေးနွေးပွဲများတွင် အဓိက ရည်မှန်းချက်တစ်ရပ်ဖြစ်ကြောင်း    ရုရှား သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြောကြားသည်။

ရုရှား သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပတ်ရှ့်ကော့ဗ်က အဆိုပါမှတ်ချက်စကားကို တနင်္ဂနွေနေ့က နိုင်ငံပိုင်တီဗွီတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မှတ်ချက်စကားမှာ ကြာသပတေးနေ့က မော်စကိုတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ထိပ်သီးဆွေးနွေးပွဲကျင်းပပြီးနောက် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးမှုများအတွင်း အဓိကကျသည့် ရည်မှန်းချက်ပန်းတိုင်တစ်ခုမှာ ငြိမ်းချမ်းရေးစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးရန်နှင့် ဒုတိယကမ္ဘာ့စစ်ပွဲ အဆုံးသတ်ရန်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ ထိ်န်းချုပ်ထားသော ပိုင်နက်နယ်မြေကိစ္စရပ်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်နှင့် သီးခြားစီဖြစ်သင့်ကြောင်း ၄င်းက အကြံပြုခဲ့သည်။

ရုရှားနိုင်ငံအား အနောက်အင်အားကြီးနိုင်ငံများက ချမှတ်သည့် ပိတ်ဆို့မှုများအပေါ် ဂျပန်နိုင်ငံ၏ ထောက်ခံမှုက စာချုပ်လက်မှတ်ရေးထိုးမှုကို ကြန့်ကာစေလျက်ရှိကြောင်း ၄င်းက ပြောကြားသည်။ နှစ်နိုင်ငံကြား ကြိုတင်စည်းကမ်းသတ်မှတ်မထားပဲ နှစ်ကုန်တွင် ငြိမ်းချမ်းရေး စာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ရန် ပြီးခဲ့သော စက်တင်ဘာအတွင်း ပူတင်က အာဘေးသို့ အဆိုပြုချက်ပြုချက်တစ်ရပ် ပြုလုပ်ခဲ့သည်။

ဂျပန်နိုင်ငံက ထိုအဆိုကိုပယ်ချခဲ့ပြီး ရုရှားနိုင်ငံထိန်းချုပ်ထားသော ကျွန်းစုလေးစုကိစ္စ ဖြေရှင်းပြီးမှသာ ငြိမ်းချမ်း ရေးစာချုပ်ကို လက်မှတ်ရေးထိုးရန်  ဂျပန်နိုင်ငံက ပြောကြားသည်။ ဂျပန်နိုင်ငံက ပိုင်ဆိုင်သည်ဟုဆိုသော ကျွန်းများကို ရုရှားနိုင်ငံက ထိန်းချုပ်ထားသည်။

အဆိုပါကျွန်းများကို ဒုတိကမ္ဘာစစ်ပြီးနောက် တရားမဝင် သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံ ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်