ဂျပန်နိုင်ငံက မြန်မာနိုင်ငံသား အားလုံး မျှော်လင့်စောင့်စားနေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အစွမ်းကုန် ဝိုင်းဝန်းကူညီသွားမှာ ဖြစ်ပါတယ်

၁၃ ဇန်နဝါရီ

 

မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနိုအား မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

 

မေး။ ။ ဒီတစ်ခေါက် မြန်မာနိုင်ငံ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

 

ဖြေ။ ။ ဒီဇင်ဘာလ အတွင်းက သမ္မတကြီး ဦးထင်ကျော်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း ဂျပန်ဝန်ကြီးချုပ် အာဘေးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော် တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီတွေနဲ့ ရခိုင်ပြည်နယ် အခြေအနေတို့နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။ အခုအကြိမ် အလည်အပတ် ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ ဘက်ပေါင်းစုံက ဝိုင်းဝန်း ကူညီသွားမယ်ဆိုတဲ့ အကြောင်းကို ထပ်လောင်း အသိပေး ပြောကြားရင်းဖြင့် သမ္မတကြီးရဲ့ ခရီးစဉ် နောက်ဆက်တွဲ အနေနဲ့ အဲဒီ စိန်ခေါ်မှုတွေအတွက် မြန်မာနိုင်ငံ အစိုးရနဲ့ တပ်မတော် ထိပ်တန်း ခေါင်းဆောင်တွေကြားမှာ လက်တွေ့ကျတဲ့ အစီအမံတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် သီလဝါအထူး စီးပွားရေးဇုန်ကို သွားရောက်လေ့လာပြီး နှစ်နိုင်ငံ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုရဲ့ အောင်မြင်မှု သာဓကကို ပြည်တွင်း၊ ပြည်ပများသို့ သတင်းထုတ်ပြန်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် ဆောင်ရွက်တဲ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ဂျပန်နိုင်ငံရဲ့ နောက်ပိုင်း ပူးပေါင်း ဆောင်ရွက်မှု ပုံစံကို စဉ်းစားသွားချင်ပါတယ်။

 

မေး။ ။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံ ဆက်ဆံမှုရဲ့ အနာဂတ်ကို ဘယ်လို စဉ်းစားထားပါသလဲ။

 

ဖြေ။ ။ ဂျပန်နိုင်ငံဟာ ''လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ အိန္ဒိယ-ပစိဖိတ် သမုဒ္ဒရာ မဟာဗျူဟာ'' အရ တရားဥပဒေ စိုးမိုးရေးကို အခြေခံပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ စည်းမျဉ်းတွေကို ထိန်းသိမ်း မြှင့်တင်ရင်းဖြင့် နိုင်ငံတိုင်း အပေါ်မှာ ခွဲခြားမှုမရှိဘဲ တည်ငြိမ်အေးချမ်းရေးနဲ့ သာယာဝပြောရေးကို အကောင်အထည်ဖော်ပေးမယ့် နိုင်ငံတကာပိုင် ဓနအဖြစ် သတ်မှတ်ပြီး အိန္ဒိယ-ပစိဖိတ် သမုဒ္ဒရာရှိ ဒေသအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါတယ်။ ဒီမဟာဗျူဟာ အရလည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပိုပြီးလက်တွေ့ကျကျ ဆောင်ရွက်ရင်းဖြင့် မြန်မာနိုင်ငံ အစိုးရရဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ကြိုးပမ်းအားထုတ်မှုတွေကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်း ကူညီသွားပါမယ်။ သီလဝါ အထူးစီးပွားရေးဇုန်ဟာ ဂျပန်နဲ့ မြန်မာ အစိုးရနဲ့ ပုဂ္ဂလိကတို့ အတူပူးပေါင်းပြီး ရန်ကုန်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ရာမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြင့်စေတဲ့ နေရာဖြစ်တဲ့အပြင် ပစိဖိတ်-အိန္ဒိယ သမုဒ္ဒရာ နယ်မြေ တစ်ဝန်းလုံး အတွက် စီးပွားရေး အသိုက်အဝန်း တစ်ခု ဖန်တီးနိုင်ပြီး မြန်မာနိုင်ငံနဲ့ တခြားဒေသများ ချိတ်ဆက်မှုကို မြှင့်တင်နိုင်ရန်အတွက် အရေးပါတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကနေ အခုလို အောင်မြင်မှု ဖြစ်စဉ်ကို အရှိန်မြှင့်တင်ခြင်းအားဖြင့် နှစ်နိုင်ငံ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ မြန်မာနိုင်ငံနဲ့ အခြားဒေသများ စီးပွားရေး အလုံးစုံ တိုးတက်ရေးဆီသို့ ဦးတည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံက ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လက်တွေ့ ဆောင်ရွက်နေမှုတွေဟာ အိန္ဒိယ၊ ပစိဖိတ် သမုဒ္ဒရာဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အင်မတန် အရေးကြီးပါတယ်။ မြန်မာအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုဖို့ လက်တွေ့ အကောင်အထည်ဖော်နိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တိုးတက်စေခြင်းအားဖြင့် လူအများအပြားဟာ ငြိမ်းချမ်းရေး အသီးအပွင့်တွေကို လက်တွေ့ခံစား နိုင်လိမ့်မယ်လို့ ကျွန်တော် လေးလေးနက်နက် မျှော်လင့်ပါတယ်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံသားအားလုံး မျှော်လင့် စောင့်စားနေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အစွမ်းကုန် ဝိုင်းဝန်းကူညီ သွားမှာဖြစ်ပါတယ်။

 

မေး။ ။ ဂျပန်က ကတိကဝတ် ပြုထားတဲ့ ယန်းဘီလီယံ ၈ဝဝ နဲ့ ပတ်သက်ပြီး အကူအညီတွေကို တိတိကျကျ ဘယ်လိုခွဲဝေ သုံးစွဲမယ်လို့ စဉ်းစားထားပါသလဲ။

 

ဖြေ။ ။ ဂျပန်နိုင်ငံ အစိုးရဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြစ်တွယ်စေရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး စတာတွေကို ကူညီနိုင်ရန် အတွက် နှစ်နိုင်ငံ သဘောတူညီထားတဲ့ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ငါးနှစ်အတွင်း ယန်းဘီလီယံ ၈ဝဝ တန်ဖိုးရှိတဲ့ အကူအညီကို ဆောင်ရွက်မယ်လို့ ကြေညာထားခဲ့ပါတယ်။ အဲဒီထဲက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ သယ်ယူ ပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဒီကဏ္ဍသုံးခုမှာ ဂျပန်နိုင်ငံက ပူးပေါင်းဆောင်ရွက်မယ်လို့ အဓိက သတ်မှတ်ထားပါတယ်။ ဒီကဏ္ဍသုံးခုနဲ့ ၂ဝ၂ဝ မတိုင်မီထိ မြန်မာလူမျိုးများ နေထိုင် စားသောက်မှုဘဝ မြှင့်တင်ရေးကို လက်တွေ့ ခံစားနိုင်အောင် ကူညီ ထောက်ပံ့ သွားမယ်လို့ ရည်ရွယ်ပါတယ်။ ဥပမာ ပြောရရင် ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလ မတိုင်မီအထိ ရန်ကုန်-တောင်ငူကြား ရထားလမ်းကို တစ်နာရီ ကီလိုမီတာ ၁ဝဝ အထိ ပြေးဆွဲနိုင်တဲ့ ရထားတွဲအသစ်များ တပ်ဆင်ပြေးဆွဲဖို့ ရည်ရွယ်ထားပြီး ၂ဝ၂၃ ခုနှစ်မှာ မန္တလေးအထိ ပြေးဆွဲနိုင်ဖို့ ရည်ရွယ်ထားပါ တယ်။ ရန်ကုန်-တောင်ငူ ခရီးစဉ်ကို လက်ရှိ ခုနစ်နာရီ ပြေးဆွဲနေရာမှ သုံးနာရီခွဲလောက် ပြေးဆွဲချိန် တိုတောင်းသွားပြီး မန္တလေးအထိ ရှစ်နာရီ ခရီးနဲ့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ရလဒ် အနေနဲ့ နံပါတ်(၁) စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်နဲ့ နံပါတ်(၂) စီးပွားရေး မြို့တော်ဖြစ်တဲ့ မန္တလေးကို ဆက်သွယ်ကာ ကုန်စည် စီးဆင်းမှုနဲ့ ပြည်သူတွေ ခရီးသွားလာမှု ပိုမိုချောမွေ့လာပြီး မြန်မာ ပြည်သူ ပြည်သားတွေရဲ့ နေထိုင်မှု ဘဝကို မြှင့်တင်လာနိုင်ကာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုရဲ့ အရှိန်အဟုန်ကို တွန်းပို့ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံက ဆက်လက် ဆောင်ရွက်နေတဲ့ ရန်ကုန် မြို့ပတ်ရထား ပြန်လည် ပြုပြင်ခြင်း အစီအစဉ်အရ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလ မတိုင်မီထိ ရထားတွဲ အသစ် ၁၈ တွဲ ပြေးဆွဲပြီး ၂ဝ၂၂ ခုနှစ်မှာ တစ်နေ့ ပြေးဆွဲတဲ့ အခေါက်ရေကို လက်ရှိ ၁၂ဝ ခန့်ကနေ ၁၈ဝ ထိ တိုးတက်လာမှာဖြစ်ပြီး ရန်ကုန်မြို့ထဲတွင် အလွန်အကျွံ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ လုပ်ငန်းတွေနဲ့ ဂျပန်ကုမ္ပဏီတွေ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဘူတာဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှတစ်ဆင့် မြန်မာနိုင်ငံသားတွေထံ အသစ်အသစ်သော မြို့ပြလူနေမှု ပုံရိပ်ကို တင်ပြပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခြားကဏ္ဍ တွေနဲ့ပတ်သက်ပြီး မြန်မာ အစိုးရနဲ့ စေ့စပ် ညှိနှိုင်းဆွေးနွေးပြီး မြန်မာနိုင်ငံတော်ကြီး တည်ဆောက်မှုအတွက် အကူအညီများကို ဆက်လက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

 

မေး။ ။ ဂျပန်ဝန်ကြီးချုပ်က မြန်မာ့ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဂျပန်နိုင်ငံရဲ့ အကူအညီများနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီး တိတိကျကျ သိပါရစေ။

 

ဖြေ။ ။ လယ်ယာလုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ အခြေခံ ကုန်ထုတ်လုပ်ငန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရကလည်း လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို စီးပွားရေး မူဝါဒရဲ့ အခြေခံ အုတ်မြစ်တစ်ခု အနေနဲ့ ထားရှိပြီး အလေးထား ဆောင်ရွက်လျက် ရှိပါတယ်။ ဂျပန်နိုင်ငံ အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန် အရည်အသွေးကို မြှင့်တင်ပြီး လူဦးရေ ၆ဝ ရာခိုင်နှုန်းရှိ လယ်သမားထုရဲ့ လူနေမှုဘဝ မြှင့်တင်ခြင်း လုပ်ငန်းကို အလျင်အမြန် တိုးတက်စေပြီး ရန်ကုန်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အဝေးနယ်များအထိ ပျံ့နှံ့စေရန် ရည်ရွယ်ထားပါတယ်။ အထူးသဖြင့် မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ မန္တလေး အနောက်မြောက်ဘက်ရှိ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်ကို ဗဟိုထားပြီး လယ်ယာလုပ်ငန်း ဝင်ငွေမြှင့်တင်ခြင်းဆိုင်ရာ အစီအစဉ်တွေကို အကူအညီပေးလျက် ရှိပါတယ်။ အဲဒီ အကူအညီတွေထဲမှာ ဆည်မြောင်း၊ တာတမံတွေနဲ့ လယ်ယာမြေတွေ ပြုပြင်ပေးခြင်း၊ စိုက်ကွင်းမှ ဈေးကွက်ထိ သယ်ယူ ပို့ဆောင်ပေးနိုင်တဲ့ လမ်းပန်း ဆက်သွယ်ရေး ကဲ့သို့သော စိုက်ပျိုးရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်မှုတို့ ပါဝင်ပါတယ်။ ထို့အပြင် ၎င်းတို့နဲ့အတူ စိုက်ပျိုးရေး သုံးရေစီမံခန့်ခွဲရေးနဲ့ စံပြစိုက်ကွင်း လုပ်သားများအတွက် အကူအညီ ပေးရေးစတဲ့ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်ရင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူတွေကို ဆွဲဆောင်ခြင်း နဲ့အတူ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မော်ဒယ်ကို ဖော်ဆောင်ပေးမယ်လို့ ရည်ရွယ် ထားပါတယ်။ မြန်မာနိုင်ငံ အစိုးရရဲ့ အစီအစဉ်တွေက ဂျပန်နိုင်ငံရဲ့ အကူအညီတွေနဲ့ အောင်မြင်ရင် တခြားသော ဒေသတွေထိ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့သွားခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကြီးမားစွာ အထောက်အကူပြု နိုင်လိမ့်မယ်လို့ စဉ်းစားထားပါတယ်။

 

မေး။ ။ ရခိုင်ဒေသ အခြေအနေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ သဘောထားနဲ့ အနာဂတ်မှာ ကူညီထောက်ပံ့ဖို့ ဘယ်လို အစီအစဉ် ရှိပါသလဲ။

 

ဖြေ။ ။ ဂျပန်နိုင်ငံ အစိုးရဟာ ရခိုင်ဒေသ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အစိုးရ၊ တပ်မတော်တို့နဲ့ တိုက်ရိုက် ဆက်သွယ် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။ ဂျပန်နိုင်ငံ အစိုးရက မြန်မာနိုင်ငံ အစိုးရရဲ့ လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစားရင်း လုံခြုံရေး ပြန်လည် တည်ဆောက်ခြင်းကို အထူး အလေးထားပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီအောက်မှာ (၁) ကုလသမဂ္ဂ အပါအဝင် ဖြစ်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး ဆောင်ရွက်ရန်၊ (၂) ဒုက္ခသည်များ ဘေးကင်းစွာ မိမိသဘော ဆန္ဒအလျောက် ပြန်လာနိုင်ရေးနဲ့ ပြန်လည်နေရာ ချထားပေးရန်၊ (၃) ကိုဖီအာနန် အကြံပေး ကော်မတီရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ခြင်းအားဖြင့် အခြေခံ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ တိုးတက်စေရန် လေးလေးနက်နက် မျှော်လင့်ထားပါတယ်။

 

ဂျပန်နိုင်ငံ အစိုးရက ဒီလိုမြန်မာနိုင်ငံ အစိုးရရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ကူညီနိုင်ရန်အတွက် အစီအစဉ် ရှိပါတယ်။ ပြီးခဲ့တဲ့လက ဂျပန်ဝန်ကြီးချုပ် မစ္စတာ အာဘေးက သမ္မတကြီး ဦးထင်ကျော်ကို ရခိုင်ပြည်နယ်အတွင်းရှိ လမ်းများ ကတ္တရာ ခင်းခြင်း လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်ပြုပြင် အဆင့်မြှင့်တင်နိုင်ရေး၊ စာသင်ကျောင်း ၁၅ ကျောင်း ဆောက်လုပ်ပေးရေးတို့ကို ကူညီမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခု ခရီးစဉ်မှာလည်း ဂျပန်နိုင်ငံအစိုးရဟာ အထူးသဖြင့် မကြာမီ ပြန်ရောက်လာတော့မယ့် ထွက်ပြေး တိမ်းရှောင်သူတွေ လက်ခံရေးနဲ့ ပြန်လည် နေရာချထားရေးအတွက် အရေးပေါ် အကူအညီ အနေနဲ့ ထွက်ပြေး တိမ်းရှောင်သူတွေရဲ့ လူနေမှု ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနကတစ်ဆင့် ဒေါ်လာ သုံးသန်း လှူဒါန်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံ အစိုးရဟာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တစ်ဆင့်လည်း ရခိုင်ပြည်နယ်ရှိ ပြည်သူများအား အရေးပေါ် အကူအညီများ ပေးအပ်မည်ဖြစ်ပြီး အနာဂတ်မှာလည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်နယ် အတွင်းမှာ ယခင်ကတည်းက ဂျပန်နိုင်ငံရဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက လုပ်ကိုင်ပေးလျက် ရှိပါတယ်။ Bridge Asia Japan ဟာ အသက်မွေးဝမ်းကျောင်း ဆိုင်ရာနဲ့ နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေကို ဖွင့်လှစ်လျက်ရှိပြီး အဲဒီ အသက်မွေးဝမ်းကျောင်း သင်တန်းမှ တစ်ဆင့် လူမှု အသိုက်အဝန်း ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို နိပွန် ဖောင်ဒေးရှင်း နဲ့အတူ ပူးပေါင်းပြီး ကျောင်းပေါင်း ၁ဝဝ ဆောက်လုပ်ခြင်းစတဲ့ ကူညီမှုတွေကို လုပ်ကိုင်လျက် ရှိပါတယ်။ အဲဒီလို ကူညီပေးခဲ့တာဟာ မူဆလင် ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အပါအဝင် ဖြစ်တဲ့ အမျိုးမျိုးသော လူမှု အသိုက်အဝန်း လူငယ်တွေနဲ့ ကလေးငယ်တွေ လေ့လာသင်ယူနိုင်ရန် အပြန်အလှန် နားလည်မှု ပိုမိုနက်ရှိုင်း လာစေရန် အခွင့်အလမ်းတွေကို ကူညီခြင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီအခြေခံ လူတန်းစားတွေထံ တိုက်ရိုက် သက်ရောက်စေတဲ့ လှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ လေးလေးနက်နက် ဆန္ဒပြုပါတယ်။ ဂျပန်နိုင်ငံရဲ့ အကူအညီတွေဟာ မြန်မာ အစိုးရနဲ့ ပြည်သူတွေ အားလုံးရဲ့ ကြိုးစားအားထုတ်မှုကို ရှေ့ဆက်နိုင်ဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

ဖိုးသက်