ဂျပန်နိုင်ငံအတွင်းသို့ တင်သွင်းခဲ့သည့် ကုန်ပစ္စည်းအတု သိမ်းဆည်းရမိမှုပေါင်း ၃၀၀၀၀ ထက် ကျော်လွန်

တိုကျို  မတ် ၉

ယမန်နှစ်အတွင်း ဂျပန်နိုင်ငံအတွင်းသို့ တင်သွင်းခဲ့သည့် ကုန်ပစ္စည်းအတု သိမ်းဆည်းရမိမှုပေါင်း ၃၀၀၀၀ ထက် ကျော်လွန်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားသည်။ ဂျပန်နိုင်ငံ အတွင်းသို့  တင်သွင်းခဲ့သည့် ကုန်ပစ္စည်းအတုများ  သိမ်းဆည်းခြင်းကို ၁၉၈၇ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ယခုသိမ်းဆည်းရမိသည့် ပစ္စည်းအရေအတွက်သည် ဒုတိယအများဆုံး သိမ်းဆည်းရမိမှုဖြစ်ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံအဝန်းသို့ တင်သွင်းခဲ့သည့် ကုန်ပစ္စည်းအတု အရေအတွက် ၃၁၆၆၆ ခုရှိကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး ဌာန၏ ကိန်းဂဏန်းများအရ သိရသည်။ အဆိုပါ  အရေအတွက်သည် ၂၀၂၂ ခုနှစ်က ထက် ၁၇ ဒသမ ၅ ရာခိုင်နှုန်း တိုးလာပြီး သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၃၀၀၀၀ ကျော်လွန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုန်ပစ္စည်းအတုများအနက် အဝတ်အထည် ၁၀၄၀၁ ထည် ပါဝင်ကြောင်း သိရသည်။ အဝတ်အထည်အတုများ တင်သွင်းမှုသည် ကုန်ပစ္စည်းအတုအားလုံး၏ ၂၈ ရာခိုင်နှုန်းဖြစ်ပြီး အိတ်များနှင့် ဖိနပ်များသည်  ဒုတိယအများဆုံးဖြစ်သည်။  ထို့ပြင် Studio Ghibli နှင့် "Pokemon" ကဲ့သို့သော ဂျပန်ကာတွန်းဇာတ်ကောင်များနှင့် ပတ်သက်သည့် ပစ္စည်းများလည်း ပါဝင် ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အလားတူ ဒီဇင်ဘာလတွင် မေဂျာလိဂ် ဘေ့စ်ဘောကြယ်ပွင့်  အိုတာနီရှိုဟိုင်သည် လော့စ်အိန်ဂျလိစ် Dodgers အသင်းသို့ ပြောင်းရွှေ့ကြောင်း ကြေညာပြီးနောက် မကြာမီတွင် ၎င်း၏ အားကစားဝတ်စုံ အတုများကို ဂျပန်အကောက်ခွန်အရာရှိများသည် တွေ့ရှိခဲ့ကြောင်း သိရသည်။ကုန်ပစ္စည်းအတု အများအပြားကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ဝေနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်