ဂျပန်နိုင်ငံ မြောက်ပိုင်းစီရင်စုတွင် ပြင်းအား ၅ ဒသမ ၅ ပမာဏရှိ ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ

၁၉ ဒီဇင်ဘာ

ဂျပန်နိုင်ငံမြောက်ပိုင်း အေအိုမိုရီ စီရင်စု၏ ကမ်းလွန်တွင် ယနေ့  ပြင်းအား ၅ ဒသမ ၅ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ရာသီဉတုဆိုင်ရာအေဂျင်စီ က ပြောကြားခဲ့သည်။

ဂျပန်မိုးလေဝသအေဂျင်စီ၏ ပြောကြားချက်အရ ဟွန်ရှူးကျွန်း၏ မြောက်ဘက်အစွန်ဆုံးအပိုင်းဖြစ်သော အေအိုမိုရီ စီရင်စု၏ ကမ်းလွန်တွင် ဗဟိုပြုကာ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၁ မိနစ်က ထိုငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းငလျင်ဗဟိုချက်မှာ အရှေ့လောင်ဂျီတွဒ် ၁၄၂ ဒသမ ၂ ဒီဂရီနှင့်   မြောက်လတီ္တတွဒ် ၄၀ ဒသမ ၅ ဒီဂရီ တို့ဖြစ်ကြောင်း သိရသည်။

ယင်းငလျင်အနက်မှာ ကီလိုမီတာ ၅၀ ဖြစ်ကြောင်း ထိုရာသီဉတုဆိုင်ရာ အေဂျင်စီက ပြောကြားခဲ့သော်လည်း ဆူနာမီ သတိပေးချက်ထုတ်ပြန်ခြင်းမရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် အဓိက ပျက်စီးဆုံးရှုံးမှု၊ ဒဏ်ရာရမှုများကို ချက်ချင်းသတင်းပို့ခြင်းမရှိကြောင်း  ဒေသအာဏာပိုင်များနှင့် ဒေသမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဂျပန်နိုင်ငံ၏ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က ယင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်နိုင်ဖွယ်ရှိသည့် ထိုနယ်မြေဝန်းကျင်းရှိ နျူကလီးယားစက်ရုံများတွင် ပုံမှန်မဟုတ်သော အခြေအနေများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို