ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း

ရန်ကုန်  ၁၆   မေ 

 

Save Myanmar Flim အဖွဲ့နှင့်မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့ ပူးပေါင်း၍ ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်ဖွံဖြိုးတိုးတက်ရေးစင်တာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးကြီး Ms. Tomoko Yoshihiro တို့က နှုတ်ခွန်း ဆက် စကားပြောကြားကြသည်။

 

ထို့နောက် ဂျပန်နိုင်ငံမှ Tokyo Bunka Lions Club အဖွဲ့ဝင် Mr. Yoji Sugitani က ဖလင်ဘူး ၁၁၀၊ Kawasaki West Rotary Club , Kitayama House Industry Inc မှ Mr. Shinichi Tanaka က ဖလင်ဘူး (၇၀)၊ Kawasaki West Rotary Club , Sano Block Industry Inc မှ Mr. Kazuhito Sano က ဖလင်ဘူး၂၀၊ Mr. Yuho Sano က ဖလင်၁၀ဘူး တို့ကို ပေးအပ်လှူဒါန်းကြရာ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်နှင့် Save Myanmar Flim မှ Project Director ဦးဥက္ကာ တို့က လက်ခံကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ယနေ့အခမ်းအနားတွင် အေဝမ်းဖလင်မှ ဦးတိုးကလည်း အဖြူ၊ အမည်း ရုပ်ရှင် ဇာတ်ကားတစ်ကားကို လှူဒါန်းခဲ့သည်။

 

ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ယနေ့လှူဒါန်းသည့် ရုပ်ရှင်ဖလင်ဘူး ၂၁၀ မှာ ဂျပန်ယမ်း ၃ သိန်း တန်ဖိုးရှိကြောင်း သိရသည်။

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအနေဖြင့် ဖလင်ပိဋကတ်တိုက်ကို ၁၉၈၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ဖလင်ပိဋကတ်တိုက် တွင် သတင်းမှတ်တမ်းများ၊ ရုပ်ရှင်ဇာတ်ကားများ ထိန်းသိမ်းထားရှိကာ ၁၆ မီလီမီတာ ဖလင် (၉) ခု၊ အဖြူ/အမည်း ဇာတ်ကား (၁၁) ကား၊ ဆေးရောင်စုံ (၁၂၇) ကား၊ ဖလင်များအပြင် ဓာတ်ပြား (အသံ) (၂၂) ခု၊ သတင်းကား (၂၉၈၄) ပိုင်းကို ထိန်းသိမ်းထားကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

DSC_9