ဂျပန်၊ တောင်ကိုရီးယား လုံခြုံရေးအရာရှိများ နှင့် ထရန့် တွေ့ဆုံဆွေးနွေး

၁၀ ဇန်နဝါရီ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားနိုင်ငံနှင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲများ တန့်နေသည့်အကြားတွင် ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံတို့၏ ထိပ်တန်း အမျိုးသားလုံခြုံရေးအရာရှိများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

ဒေါ်နယ်ထရန့် သည် ဂျပန် အမျိုးသားလုံခြုံရေးဌာန အတွင်းရေးမှူးချုပ် ရှီဂီယူ ကီတာမူရာနှင့် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဌာန ညွှန်ကြားရေးမှူး ချောင်အီယောင် တို့နှင့်အတူ ဗုဒ္ဓဟူးနေ့က ခေတ္တတွေ့ဆုံခဲ့သည်ဟု အိမ်ဖြူတော် က ဆိုသည်။

 

ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် အင်ဒို-ပစိဖိတ် ဒေသတွင် အင်အားအကြီးဆုံး မဟာမိတ်နိုင်ငံများ ဖြစ်ကြကြောင်း ဒေါ်နယ်ထရန့် က မှတ်ချက်ပြုပြောကြားခဲ့သည်ဟု အိမ်ဖြူတော် က ဆိုသည်။

 

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယမန် သည်လည်း အီရန်နှင့် မြောက်ကိုရီးယား အခြေအနေများကို ဆွေးနွေးရန် ကီတာမူရာ နှင့် ချောင်အီယောင် နှင့်အတူ သုံးဦး တွေ့ဆုံခဲ့ကြသည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က အာဏာရအလုပ်သမားပါတီ၏ နှစ်ကုန် အစည်းအဝေးတစ်ခုတွင် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားတားဆီးမှုကို အားကောင်းလာစေပြီး  မဟာဗျူဟာမြောက်လက်နက် အသစ်ကို တီထွင်နိုင်မည်ဟု အကြံပြုပြောကြားခဲ့သည်။

 

ထရန့် က ခေါင်းဆောင်ကင်သည် နျူကလီးယား ဖျက်သိမ်းမှုနှင့်ပတ်သက်ပြီး ၎င်း၏ကတိကဝတ် ချိုးဖောက်မည်ကို စိုးရိမ်သော်လည်း ခေါင်းဆောင်ကင်အနေဖြင့် ယင်းသို့ပြုလုပ်မည် မဟုတ်ဟု ယုံကြည်ကြောင်း ယခုလအစောပိုင်း က ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို