ဂျပန်-အာဆီယံဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

၄ ဇန်နဝါရီ

အာဆီယံဘောလုံးဖွံ့ဖြိုးရေးအတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၇ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ဒုတိယအဆင့်တွင် ခြေစွမ်းပိုကောင်းသည့်အသင်းများနှင့်ကစားရမည်ဖြစ်သောကြောင့် အချိန်ယူပြင်ဆင်နေခြင်းဖြစ်သည်။

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ပထမအဆင့်ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ကစားသမားများကိုအခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲကို မတ် ၂ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ဂျပန်အသင်းနှင့်အတူ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူအသင်းတို့ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲကျင်းပမည့်ပုံစံနှင့် ပွဲစဉ်ဇယားကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပွဲစဉ်များကို ဆက်တိုက်ကစားရဖွယ်ရှိနေသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယခုလအတွင်း ပြည်တွင်းခြေစမ်းပွဲများ စတင်ကစားမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်