ဂွမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိ

နေပြည်တော် ၂၅ ဇွန်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွှေတွင်းတူးကျေးရွာအနီး ဂွ-သံတွဲကားလမ်း မိုင်တိုင်(၇၃/၇၄)ကြား ဖာလာတောင်ကုန်းအတက်၌ ဇွန် ၂၄ ရက် နံနက် ၁၀ နာရီခွဲက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ဂွမြို့မှ သံတွဲမြို့ဘက်သို့ သံတွဲမြို့၊ (၈)ရပ်ကွက်နေ စိုးမင်းဌေး (၂၉)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ယာဉ်နောက်လိုက် ဖိုးလပြည့် (၁၅)နှစ်နှင့် ခရီးသည် ၃၀ ဦး၊ ဆန်အိတ် ၆၀ တင်ဆောင်လာသော RKE-3B/×××× Mitsubishi Canter ၆ ဘီးယာဉ်သည် ဂီယာချိန်းရာမှ နောက်ပြန်လိမ့်ကျပြီး လမ်း၏ဝဲဘက်ခြမ်း ၁၅ ပေခန့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သောကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ကုလားပြင်ကျေးရွာနေ ဦးလှမြင့်(၈၆)နှစ်ပါ ၂၁ ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် စိုးမင်းဌေးအား ကမ်းသာယာနယ်မြေရဲစခန်း ယာဉ် (ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

MDN