ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး အပါအဝင်  ငါးဦး၊  ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေးတစ်ဦးနှင့် မြေပွဲစားများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော်  ၂၈  ဇန်နဝါရီ 

           

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စုနှင့် ဆပ်သွားကျေးရွာအုပ်စု တို့တွင် အုန်းဥယျာဉ် ခြံမြေများကို ရောင်းချရာ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ငွေကြေးရယူခဲ့ခြင်းအပေါ် ဥပဒေနှင့် အညီ အရေးယူပေးပါရန် တိုင်ကြားစာနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲကြောင်း သိရသည်။ 

    

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေး ရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စုနှင့် ဆတ်သွား ကျေးရွာ အုပ်စုရှိ အုန်းခြံမြေများ ရောင်းချသည့်ကိစ္စနှင့်စပ်လျဉ်း၍ ကုမ္ပဏီတစ်ခုက လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်ထားခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်း၊ Special Power of Attorney များပြုလုပ်ခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိရေး လုပ်ငန်းစဉ်များတွင် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်သည် မြေပွဲစားများထံမှ ငွေကျပ် (၃၅)သိန်းကို လည်းကောင်း၊ လ/ထဦးစီးမှူး ဦးမောင်မောင်လွင်သည် မြေပွဲစားများထံမှ အမှုတွဲ တည်ဆောက်ရန်အတွက် ငွေကျပ်(၅)သိန်း၊ မြေတိုင်း လုပ်ငန်းအတွက် ငွေကျပ်(၆၅)သိန်း နှင့် မြေတိုင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် GPS (၁)လုံးကို လည်းကောင်း၊ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းသည် မြေပွဲစားများထံမှ ငွေကျပ် ၃၀ဝ၀ဝ ကို လည်းကောင်း၊ မြေတိုင်း-၄ ဦးသန့်ဇော်လင်းသည် ငွေကျပ် (၈)သိန်းကိုလည်းကောင်း၊ စာရင်းကိုင်-၄ ဒေါ်အေးအေးလွင်သည် ငွေကျပ် ၃၉၉၀ဝ၀ဝ ကို လည်းကောင်း၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်း စာရေး ဦးစန်းယုအောင်သည် မြေပွဲစားများထံမှ ငွေကျပ် ၁၅၆၀ဝ၀ဝ ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

    

ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမင်းမင်းဇော်၊ လ/ထဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်း၊ မြေတိုင်း-၄ ဦးသန့်ဇော်လင်း၊ စာရင်းကိုင်-၄ ဒေါ်အေးအေးလွင်နှင့် ဂွမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အငယ်တန်းစာရေး ဦးစန်းယုအောင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ အချင်းဖြစ် ဥယျာဉ် ခြံမြေများရောင်းချခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြေပွဲစားများဖြစ်သည့် ဒေါ်ညွန့်ညွန့်သော်၊ ဦးအောင်နှင်းနှင့် ဦးရဲကျော်စွာ (ခ)ကျော်ကျော် (ခ)သားကြီး တို့သည် တောင်သူများထံမှ ငွေကျပ် ၂၆၅ ဒသမ ဝ၆၈ သိန်းကို တောင်းခံရယူခဲ့ပြီး ဝန်ထမ်းများအား ငွေကြေးများ ပေးခဲ့ကြခြင်းသည် ဝန်ထမ်းများ အဂတိလိုက်စားမှု ဖြစ်စဉ်အပေါ် ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် အားပေး ကူညီခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်  ဒေါ်ညွန့်ညွန့်သော်၊ ဦးအောင်နှင်းနှင့် ဦးရဲကျော်စွာ (ခ)ကျော်ကျော် (ခ)သားကြီး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရခိုင်ပြည်နယ်၊ ဂွမြို့မရဲစခန်း၌ ယနေ့ ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။ 

 

(သတင်းစဉ်)