ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မတူကွဲပြားခြားနားမှုများကို စီမံခန့်ခွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ သဘောထားအမြင်များ

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မတူကွဲပြားခြားနားမှုများကို စီမံခန့်ခွဲခြင်း(Diversity Management in the Age of Globalization) ဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့သည်။ 

အဆိုပါဆွေးနွေးပွဲတွင် Policy and Conceptual Frameworks ၊ Experiences from Southeast Asia၊ Experiences from Europe and Africa စသဖြင့် မတူကွဲပြားမှုများကို စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ၊ အတွေ့အကြုံများကို ခေါင်းစဉ်များခွဲ၍ ပြည်တွင်း၊ ပြည်ပမှ (Diversity Management) ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ဘာသာပေါင်းစုံမှ အကြီးအကဲများ၊ ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားလူမျိုးများ၊ လူငယ်များ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏ သဘောထား အမြင်များကို ယခုကဲ့သို့ ထုတ်နုတ်ဖော်ပြလိုက်ရပါသည် -

အရှင်သဇ္ဇန 
(မကွေးမြို့နယ်၊ ကပ်ကျော်ပညာပါရမီကုသိုလ်ပြုအဖွဲ့)

mdn

Diversity ကို လူသားအားလုံး လက်ခံနိုင်ဖို့ဆိုတာ လူကို လူလိုမြင်ရင် ဒါက လက်ခံလို့ ရတဲ့အရာပါ။ အဲဒီတော့ ဘုန်းကြီး တို့ အမြင်ပြောရမယ်ဆိုရင် ပဋိပက္ခဖြစ်ခြင်းဟာ Diversity ကို လက်မခံလို့၊ အသားရောင်ခွဲခြားမှု၊ လူမျိုးခွဲခြားမှု၊ ဘာသာ ခွဲခြားမှုတွေ ရှိနေလို့ပါပဲ။ 

ငြိမ်းချမ်းမှုတွေရဖို့ Diversity လက်ခံနိုင်ဖို့ဆိုရင် မိသားစုက စရမယ်။ ဒီလိုမျိုး အတွေးအခေါ်တွေ၊ အယူအဆတွေ မတူကွဲပြားမှုတွေ လက်ခံနိုင်မှုက မိသားစုမှာ သန္ဓေတည်ရမယ်။ အဲဒီသန္ဓေသားလေးကို စာသင်ခန်းထဲမှာ မွေးဖွားပေးရမယ်၊ မွေးဖွားပေးလိုက်တဲ့ ဒီမတူကွဲပြားမှု လက်ခံနိုင်တဲ့ ဒီအတွေးအခေါ် အယူအဆတွေကို လောကထဲမှာ ကြီးထွားနိုင်မယ်ဆိုရင် မကြာခင်မှာ ဒီက္ဘာကြီးဟာ အေးချမ်းမယ်လို့ ဘုန်းကြီးကတော့ သုံးသပ်ပါတယ်။ 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး 
(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

mdn

ကျွန်တော်တို့နိုင်ငံမှာ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ ဘာသာတွေ၊ အယူအဆတွေ ကွဲပြားခြားနားမှုတွေအားလုံး စုပေါင်းနေထိုင်ကြတယ်။ ကျွန်တော်တို့နိုင်ငံက ပြည်ထောင်စုနိုင်ငံဖြစ်တဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ စုပေါင်းပြီး နေထိုင်ကြတာတွေ အများကြီးရှိပါတယ်။ ဒီလိုနေထိုင်ရာမှာ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု မတူညီတာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကွဲပြားခြားနားကြပါစေ၊ ပြည်ထောင်စုဆိုတဲ့ စိတ်ဓာတ်ဟာ အားလုံးမှာ တူညီဖို့လိုပါတယ်။ 

တစ်မြေတည်းမှာနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှူကြတဲ့ သဘောအတိုင်း ဘယ်လိုပဲ ကွဲပြားခြားနားမှုတွေ ရှိနေပါစေ၊ အားလုံးဟာတူညီတဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆောင်ရွက်ကြရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်လာပါမယ်။ 

နောက်တစ်ခုက တစ်ဖက်နဲ့ တစ်ဖက်၊ ပဋိပက္ခတွေ ဖြစ်တယ်။ အဲဒါတွေရဲ့ အရင်းခံက အချင်းချင်း စည်းလုံးညီညွတ်မှု၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေါ်မှာ မူတည်တယ်။ အဲဒီလို နားလည်မှု အခြေခံတွေရှိမှသာ အဆင်ပြေမှုတွေ ဖြစ်လာပြီး အဆင်မပြေမှုတွေ ပပျောက်သွားမယ်။ ဒါကို ရည်ရွယ်ပြီး ဒီနေ့ပွဲကို ကျင်းပခြင်းဖြစ်ပါတယ်။

Prof. Dr. Walter Kaelin (University of Bern)

mdn

မြန်မာနိုင်ငံလို မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့ ဘာသာတွေစသဖြင့် မတူကွဲပြားမှုတွေများစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံမှာ (Diversity Management) မတူကွဲပြားမှုတွေကို စီမံခန့်ခွဲနိုင်ဖို့ဆိုတာ လိုအပ်ပါတယ်၊ အဲဒီလိုတင်းမာမှုတွေ၊ ပဋိပက္ခတွေကို စီမံခန့်ခွဲနိုင်ဖို့ နည်းလမ်းကတော့ မတူညီတဲ့ လူမျိုးစုတွေနဲ့ စုဖွဲ့နေထိုင်ကြတဲ့ နိုင်ငံတွေက နည်းလမ်းတွေနဲ့ အသိပညာတွေကို လေ့လာဖို့ လိုပါတယ်။

မြန်မာနိုင်ငံရဲ့ Diversity Management ကို ကျွန်တော့်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ရှေ့ဆက်လုပ်ဆောင် ရမယ့်အဆင့်တွေ အများကြီးကျန်သေးတယ်လို့ ထင်ပါတယ်၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်အရေးက Diversity Management နဲ့ ပတ်သက်ပြီး လုပ်ဆောင် စရာတွေအများကြီး ကျန်နေသေးတယ်ဆိုတာကို ညွှန်ပြနေပါတယ်၊ ဒီဆွေးနွေးပွဲက မြန်မာနိုင်ငံအတွက် အထောက်အကူပြုမယ်လို့ ထင်ပါတယ်၊ ပထမဆုံးအနေနဲ့ မတူကွဲပြားမှုတွေကို လက်ခံလာအောင် လုပ်ရမယ်၊ ဒုတိယအဆင့်က ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုရဖို့ လုပ်ဆောင်မှုတွေကို လက်ခံရမယ်၊ နောက်ပြီး နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူ့အသိုင်းအဝိုင်း အားလုံး၊ ဘာသာတွေအားလုံး၊ လူတွေအားလုံးရဲ့ (Mindset) စိတ်နေသဘောထားတွေကို ပြောင်းဖို့လိုပါတယ်၊ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ Diversity Management က အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ပြီး အခုချိန်မှာ မြန်မာနိုင်ငံ အတွက် လိုအပ်နေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒေါက်တာမြင့်သိန်း (စာရေးဆရာ ငြိမ်းချမ်းလုလင်) 
ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက် ဦးစီးနာယက

mdn

ဒီနေ့ ကျင်းပတဲ့ Diversity management ဆိုတာ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အထူးလိုအပ်နေ တဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ အတူယှဉ်တွဲ နေထိုင်ကြတယ်၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့စဉ်ကတည်းက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ခဲ့တယ်။ 

တစ်ဆက်တည်းမှာလည်း လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံနဲ့ ဖွဲ့စည်းထားတာ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တာ အားလုံးသိတဲ့အတိုင်းပါပဲ၊ အခုဆိုရင် အခက်အခဲတွေများစွာကို ကျော်ဖြတ်ပြီးတဲ့နောက် ဒီမိုကရေစီမုခ်ဦးကို ကျော်လာနေပြီး အခုဆိုရင် ဖက်ဒရယ် ပြည်ထောင်စုစနစ်အထိ ကျွန်တော်တို့ ချီတက်နေပါပြီ၊ ဒီလိုချီတက်ရာမှာ အရေးကြီးဆုံး လိုအပ်ချက်က Diversity ကို အသိအမှတ်ပြုခြင်း၊ တန်ဖိုးထားခြင်းပါ။ နိုင်ငံသားတွေအနေနဲ့ ဒီခေါင်းစဉ်နဲ့ပတ်သက်လို့ လေ့လာမှု အားနည်းတဲ့အတွက် ဒီလိုမတူညီမှုတွေကို ပေါင်းစပ်တဲ့ အခါမှာ မိမိရဲ့တန်ဖိုး၊ မိမိရဲ့အခြေအနေတွေ ယိုယွင်းသွား မလားဆိုပြီး စိုးရိမ်ပူပန်စိတ်တွေ အများကြီးရှိနေပါတယ်။ ဒါက ကမ္ဘာ့ရဲ့ ပြောင်းလဲနေတဲ့ဖြစ်စဉ်တွေကို ကျွန်တော်တို့မမြင်လို့ပါ။ 

ဒီနေ့ ကမ္ဘာပေါ်မှာ အလွန်တိုးတက်သွားတဲ့၊ ဖွံ့ဖြိုးသွားတဲ့ နိုင်ငံတွေကိုကြည့်ရင် အဲ့ဒီမတူညီတဲ့အင်အားတွေကို စုစည်းနိုင်ခြင်းက အရည်အချင်းတစ်ခုပါ။ အဲ့ဒီ အရည်အချင်းရှိရင် ကမ္ဘာပေါ်မှာ လျင်မြန်စွာ ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ ဒီစိုးရိမ်စိတ်တွေကို လျှော့ချကြည့်ပါ။ 

လက်တွေ့ မိမိရဲ့ Mindset ကို ပြောင်းပြီး Diversity ရဲ့ ကျွန်တော်တို့ကိုပေးနိုင်တဲ့ တိုးတက်မှုတွေ၊ အဲဒီရဲ့ တန်ဖိုးတွေ၊ အကျိုးကျေးဇူးတွေကို လက်တွေ့လေ့လာ၊ လက်တွေ့ အသုံးချခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံတော်ကိုပိုပြီး သာယာဝပြော၊ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ချီတက်နိုင်မယ်လို့ ပြောကြားလိုပါတယ်။ 

ဒေါ်ကက်သလင်းသိန်း (ဟိန္ဒူအမျိုးသမီးများကွန်ရက်)

mdn

မတူကွဲပြားတာကနေ ဘုံသဘောနဲ့ တူတဲ့အရာတွေ အများကြီးရှိပါတယ်။ အဲဒီ မတူတဲ့အထဲမှာဘဲ ဘုံက ဘာလဲဆိုတာကို ရွေးထုတ်ဖို့ အလွန်အရေးကြီးပါတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံအပြင် အခုဆိုရင် နိုင်ငံခြားသားပေါင်းစုံ ဒီနိုင်ငံမှာလာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြတယ်။ 

ကိုယ့်နိုင်ငံမှာ နေထိုင်နေကြတဲ့ လူတစ်ဖွဲ့တည်း၊ လူတစ်အုပ်စုတည်း၊ လူတစ်မျိုးတည်းတောင် မဟုတ်တော့ဘူး။ အခြားနိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်နေကြတဲ့ နိုင်ငံခြား သားတွေအတွက်လည်း ဒါဟာ အများကြီး အရေးပါတယ်လို့ မြင်တယ်။ နောက်ပြီး သူတို့ဟာ ရင်းနှီးမြှုပ်နှံတဲ့အပြင် တချို့တွေက တကယ့်ကို စိတ်ထဲကနေပါပြီးတော့ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးပေးနေတာတွေလည်း ရှိပါတယ်၊ ဒါတွေက အများကြီးလိုအပ်ပါတယ်။ 

မတူကွဲပြားတဲ့ အရာတွေ အကုန်လုံးကို ကျွန်မတို့က မတူဘူး၊ အသားအရောင် မတူဘူး၊ လူမျိုးမတူဘူး၊ နေရာချင်း မတူဘူး၊ နိုင်ငံချင်း မတူဘူးဆိုသော်ငြားလည်း တူညီတဲ့အရာ အားလုံးကတော့ လူတိုင်းက အေးချမ်းချင်ပါတယ်။ လုံခြုံစိတ်ချရတဲ့ နိုင်ငံတစ်ခုမှာ နေထိုင်ချင်ပါတယ်၊ လူတိုင်းကလည်း တကယ့်ကို ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံကြီးမှာ နေထိုင်ချင်တယ်ဆိုတာ မှန်ပါတယ်လို့ ပြောချင်ပါတယ်။

ဒေါက်တာစုစုသာထွန်း (အကြီးတန်းအကြံပေးပုဂ္ဂိုလ်၊ 
ကမ္ဘာ့ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးရုံး)

mdn

ဒီဖိုရမ်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး Diversity Management အတွက် အဓိက ဦးတည်ဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကွဲပြားခြားနားမှုများစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီမတူကွဲပြားမှုတွေကနေ ကိုယ့်နိုင်ငံတိုးတက်ဖို့အတွက် ဘယ်လိုမျိုး အင်အားရယူမလဲ၊ ခြားနားမှုတွေများတဲ့အခါ အင်အားရရှိနိုင်သလို၊ ရံဖန်ရံခါ စိန်ခေါ်မှုတွေလည်း ရှိတတ်ပါတယ်။ 

အင်အားရရှိဖို့ ရှေ့ကို ဘယ်လိုသွားမလဲ၊ စိန်ခေါ်မှုတွေ နည်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ရလဒ်တစ်ခုရဖို့အတွက် အပြည်ပြည်ဆိုင်ရာမှာရှိတဲ့ မတူကွဲပြားမှုတွေကို ကိုင်တွယ်ရတဲ့ နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုလည်း မြန်မာနိုင်ငံ အနေနဲ့ ရယူဖို့လိုပါတယ်၊ ဒီအတွေ့အကြုံတွေကို ကိုယ့်နိုင်ငံနဲ့ ကိုက်ညီအောင် ဘယ်လိုလုပ်မလဲစတဲ့ အသိပညာတွေ ရရှိဖို့ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ၊ လူနည်းစုတွေ၊ ဘာသာပေါင်းစုံက ကိုးကွယ်ယုံကြည်သူတွေ၊ အကုန်လုံးပါဝင်ပြီး များစွာသော မတူညီမှုတွေကနေ မြန်မာနိုင်ငံအတွက် ခွန်အားဖြစ်စေဖို့ ဖြစ်ပါတယ်။

Diversity Management ဆိုတဲ့ အစည်းအဝေးကို နေပြည်တော်မှာ ကြီးကြီးမားမား ကျင်းပတာဟာ မြန်မာနိုင်ငံမှာ မတူကွဲပြားမှုတွေကို Manage လုပ်နိုင်ဖို့ စွမ်းအား ပိုပြီး လိုအပ်တယ်လို့ယူဆပြီး ဒီအစည်းအဝေးလုပ်တာပါ။ Diversity ကို ကောင်းမွန်စွာ ကြပ်မတ်မှု မလုပ်နိုင်ဘူးဆိုရင် နိုင်ငံအတွက် အနုတ်ဖြစ်တယ်။ 

ဒါကို Management လုပ်နိုင်တယ်ဆိုရင် အနုတ်သဘောဆောင်တဲ့ အခြေအနေတွေကို တည့်မတ်ပေးနိုင်မယ်လို့ ယူဆပါတယ်။ ကိုယ့်နိုင်ငံအတွက် Diversity ကို အောင်မြင်စွာ Manage လုပ်နိုင်ဖို့အတွက် မူဝါဒတွေအရရော လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့အတွက်ပါ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။    ။

အမေး၊ အရေး - သူရဇော် ၊ ဓာတ်ပုံ - ရွှေကိုလေး၊ သူရဇော်(သတင်းစဉ်)