ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းသေဆုံးမှု ၃၄၀၉၇ ဦး ရှိလာ

ဧပြီ ၂၂

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးမှု ၃၄၀၉၇ ဦးအထိရှိလာကြောင်း ဟားမတ်စ်အဖွဲ့မှကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း၄၈ ဦးသေဆုံးပြီး အခြား ၇၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေး-ဟားမတ်စ် ပဋိပက္ခဖြစ်ပွားချိန်မှစတင်ကာ ပါလက်စတိုင်းသေဆုံးမှုပေါင်း ၃၄၀၉၇ ဦးနှင့် ဒဏ်ရာရရှိသူဦးရေ ၇၆၉၈၀ ရှိလာသည်ဟုသိရသည်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဂါဇာဒေသတွင် ပျောက်ဆုံးနေသူထောင်ပေါင်းများစွာအား ရှာဖွေမှုများလုပ်ဆောင်လျက်ရှိသည်။ ယမန်နှစ် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးတောင်ပိုင်းနယ်စပ်ဒေသတွင် ဟားမတ်စ်တို့၏တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့အား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို