GAP အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သရက်ခြံ (၁၈) ခြံသို့ ကွင်းဆင်းစစ်ဆေးခဲ့

မုံရွာ   ၁၁   မေ 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကန့်ဘလူခရိုင်နှင့် စစ်ကိုင်းခရိုင်အတွင်းရှိ သရက်ခြံ (၁၈)ခြံသို့ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ(GAP)အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မာမာဦးထံမှ သိရသည်။

 

“GAP စနစ်နဲ့စိုက်ထားတဲ့ခြံတွေမှာ ကွင်းဆင်းစစ်ဆေးအဖွဲ့တွေ အဓိကစစ်တာက မြေကိုဓာတ်ခွဲ စစ်ဆေးထားသလား၊ ရေကိုဓာတ်ခွဲစစ်ဆေးထားသလား၊ သီးနှံတွေမှာအသုံးပြုတဲ့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေက မြန်မာနိုင်ငံအတွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ သွင်းအားစုတွေကိုပဲအသုံးပြု တာလားဆိုတာတွေစစ်တယ်၊နောက်ပြီး ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာသုံးတယ်ဆိုရင်လည်း သီးနှံအတွက် ထောက်ခံထားတဲ့ပမာဏကို သုံးရမယ်၊ ထောက်ခံထားတဲ့ ပမာဏထက်ကျော်ပြီး သုံးရင်လည်း မကိုက်ညီဘူး၊ သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာ စနစ်တကျ သန့်ရှင်းသပ်ယပ်စွာထားရှိသလား၊ လုပ်သားတွေ ကျန်းမာသန့်ရှင်းမှု ရှိ/မရှိကိုစစ်တယ်၊ သီးနှံတွေ စပြီးစိုက်တဲ့အချိန်ကနေ သီးနှံခူးလိုက်တဲ့အချိန်အထိ တိကျတဲ့မှတ်တမ်းရှိရမယ်၊ အဲဒါတွေကိုစစ်ဆေးတယ်၊ GAP စံချိန်စံညွှန်းတွေနဲ့ကိုက်ညီတယ် ဆိုရင်တော့ အသိအမှတ်ပြု လက်မှတ်ကိုတော့ ရုံးချုပ်ကလက်မှတ်ထုတ်ပေးတဲ့အဖွဲ့က GAP စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ ခြံတွေကို လက်မှတ်တွေ ထုတ်ပေးသွားမှာပါ”ဟု စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါက်တာ တင်မာမာဦးက ပြောသည်။

 

စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်း(GAP) အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များသည် စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ်အတွင်း အကျယ် (၅၈ ဒသမ ၈၆)ဧက ရှိ သရက်သီးနှံ (၇)ခြံနှင့် မြင်းမူမြို့နယ်အတွင်း အကျယ် (၁၁ ဒသမ ၉၃)ဧကရှိ သရက်သီးနှံ (၄)ခြံ၊ ကန့်ဘလူခရိုင် ကန့်ဘလူ မြို့နယ်အတွင်းရှိ အကျယ် (၅၉၀ ဒသမ ၃၉)ဧကအကျယ်ရှိ သရက်ခြံ(၆)ခြံ၊ မုံရွာခရိုင် အရာတော်မြို့နယ်အတွင်း အကျယ် (၁၀)ဧကရှိ သရက်ခြံ(၁)ခြံအားလည်းကောင်း မေလ (၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကွင်းဆင်း စစ်ဆေးမှုများလုပ်ဆောင် ပေးခဲ့ကြောင်းနှင့် (GAP)အသိအမှတ်ပြုလက်မှတ်များကို သီးနှံတင်ပို့ချိန်အမီ ထုတ်ပေးနိုင်ရေး လုပ်ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)