ဂျာမနီနိုင်ငံမှအကူအညီများ မလိုအပ်ဟု ဘရာဇီးပြော

ရီယိုဒီဂျနေရိုး  ၁၃  ဩဂုတ်

ဘရာဇီးသမ္မတ ဂျီအာဘောဆွန်နယ်ရိုသည် ဩဂုတ် ၁၁ ရက်က ဂျာမနီနိုင်ငံမှ အကူအညီများ မလိုအပ်ဟု ပြောကြားခဲ့သည်။ အမေဇုန်သစ်တောကြီးကို ထိန်းသိမ်းကာကွယ်ရေးအတွက် ရည်ရွယ်ကာ အကူအညီများ ပေးအပ်နေသည်ကို ဂျာမနီဘက်မှ ဖြတ်တောက်တော့မည်ဟု ကြေညာပြီးသည့်နောက် ဘရာဇီးဘက်မှ ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဘရာဇီးဟာ ဂျာမနီဆီက အကူအညီတွေ မလိုအပ်ပါဘူးဟု ဘရာဇီးသမ္မတက သတင်းထောက်များကို ပြောသည်။

ဘရာဇီးနိ်ုင်ငံ၏ သစ်တောထိန်းသိမ်းရေးနှင့် ဇီဝမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်အတွက် ယူရို ၃၅ သန်း ဂျာမနီက ဘရာဇီးကိုပေးအပ်ရန်ရှိသော်လည်း ယင်းအစီအစဉ်ကို ပယ်ဖျက်လိုက်ရန်စီစဉ်ထားသည်ဟု ဂျာမနီဘက်မှ ဩဂုတ် ၁၀ ရက်က ပြောကြားခဲ့သည်။ ဘရာဇီးအစိုးရ၏ အမေဇုန် သစ်တောထိန်းသိမ်းရေးမူဝါဒမှာ သံသယဖြစ်ဖွယ်များ ပေါ်ပေါက်လာကြောင်း၊ သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်ရေး နှုန်းထားမှာလည်း ယခင်အတိုင်းပဲရှိနေပြီး ဆက်လက်လျော့ကျလာ ခြင်းမရှိဟု ဂျာမနီသဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ဆယ်ဗင်ဂျာရှို့က ပြောသည်။

အမေဇုန်ရန်ပုံငွေသည် ၂၀ဝ၈ ခုနှစ်မှ စတင်ကာ အမေဇုန်သစ်တောကြီးအတွင်း သစ်တောပြုန်းတီးခြင်းကို နှိမ်နင်းရန်၊ စောင့်ကြည့်ရန်နှင့် အကာအကွယ်ပေးရန်တို့အတွက် ရည်ရွယ်ကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အဓိက ထောက်ပံ့ပေးသည့် နိုင်ငံများမှာ နော်ဝေနှင့် ဂျာမနီတို့မှဖြစ်ပြီး အဆိုပါနှစ်နိုင်ငံသည် ရန်ပုံငွေမှ နုတ်ထွက်တော့မည်ဟု ခြိမ်းခြောက်ခဲ့သည်။

နော်ဝေနိုင်ငံသည် လွန်ခဲ့သည့်နှစ်ကလည်း ဘရာဇီးသို့ ပေးအပ်မည့်ရန်ပုံငွေကို ထက်ဝက်လျှော့ချခြင်း သို့မဟုတ် အလုံးစုံ ရုပ်သိမ်းခြင်းတို့ ပြုလုပ်မည်ဟု သတိပေးခဲ့သည်။

ဆင်ဟွာ