ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရွှေသောင်ယံ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ လိုက်ပါလျက် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ဘောမိကျေးရွာသို့ ရောက်ရှိ၍ ဘောမိချောင်းတံတား (၁၃၅၀)ပေ တည်ဆောက်ရေး အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တံတားဆောက်လုပ်ရေးတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ပြီး တံတားတည်ဆောက်မည့် လျာထားနေရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံသို့ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့၍ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ကြစေရေး လမ်းညွှန်မှာကြား၍ ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ 

ထို့နောက် ချောင်းဝချိုင်ကျေးရွာရှိ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်နယ်စပ်ရှိ ကျောက်ချွန်းတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ဆေးရေးဂိတ်သို့ သွားရောက်၍ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကာ လုံခြုံရေးနှင့် စနစ်တကျစစ်ဆေးနိုင်ရေး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)