ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော် မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်းအနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မသင်္ကာဖွယ်စက်လှေအားစစ်ဆေးခဲ့ရာ စက်လှေပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၅ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၂ သိန်း သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်မောင်လေး(ခ)သိန်းဝင်း အား ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာတွင်  စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူများဖြစ် ကြသည့် ဝင်းသိန်းထွန်း(ခ)နေသူ နှင့် လင်းထွန်းဟန်(ခ)သားပု တို့ ၂ ဦးအား စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်