ဧရာဝတီအသင်း နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်

၃၀ ဇန်နဝါရီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဧရာဝတီ ယူနိုက်တက်အသင်းသည် နည်းပြချုပ် အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဦးမျိုးလှိုင်ဝင်းအား ပြောင်းလဲခန့်အပ်ခဲ့သည်။

 

ဦးမျိုးလှိုင်ဝင်းသည် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းတွင် ဧရာဝတီအသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးပွဲအဖြစ် ဖေဖော်ဝါရီ ၃ ရက်ယှဉ်ပြိုင်ကစားရမည့် ဒဂုံအသင်းနှင့် MNL ပွဲစဉ် (၄) တွင် စတင်ကြီးကြပ်ရမည် ဖြစ်သည်။ 

 

ဧရာဝတီအသင်း တာဝန်ရှိသူများသည် ယခင်နည်းပြချုပ်ဖြစ်သူ ဦးအောင်ခိုင်ကိုမူ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲ တာဝန်ပေးသွားမည် ဖြစ်သည်။

 

ဧရာဝတီအသင်းသည် MNL အမှတ်ပေးပြိုင်ပွဲတွင် သုံးပွဲကစား ငါးမှတ်ရထားသော်လည်း Chinland အသင်းနှင့် သရေကျသည့် ပွဲအပြီးတွင် နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

ဦးမျိုးလှိုင်ဝင်းသည် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများဖြစ်သည့် ရန်ကုန်နှင့် နေပြည်တော်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးပြီး မြန်မာ ယူ-၁၉ အမျိုးသားအသင်းကိုလည်း နှစ်ကြိမ်တိုင် ကိုင်တွယ်ခဲ့သူ ဖြစ်သည်။

 

၂၀၁၈ ခုနှစ်က နောက်ဆုံးကိုင်တွယ်ရာတွင် မြန်မာ ယူ-၁၉ အသင်းအား အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၌ ဒုတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် နာမည်ကြီး ထိုင်းအသင်းကို တစ်ဂိုး-ဂိုးမ၇ှိဖြင့် အနိုင်ရခဲ့သည်။ 

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဦးမျိုးလှိုင်ဝင်းကို မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ်အဖြစ် ၂၀၁၉ ခုနှစ်ကုန်အထိ စာချုပ် ချုပ်ဆိုထားသော်လည်း စာချုပ်ဖျက်သိမ်းပြီး ဧရာဝတီအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

 

ဧရာဝတီအသင်းသည် ယခုရာသီကြို အပြောင်းအရွှေ့ကာလတွင် ပြည်တွင်း၊ ပြည်ပ ကစားသမားသစ်များစွာ အားဖြည့်ထားပြီး တစ်ကျော့ပြန် အောင်မြင်မှုရရန် ဆောင်ရွက်လျက်ရှိသည်။

 

ညီမြတ်သော်တာ