ဧပြီလအတွင်း ယှဉ်ပြိုင်ထိုးသတ်ဖွယ်ရှိနေတဲ့ အိုလက်ဆန်းဒါးအူဆစ်နဲ့ ဂျိုရှူယာတို့ရဲ့ မကျေပွဲ

ယူကရိန်းပရော်ဖက်ရှင်နယ်လက်ဝှေ့သမား အိုလက်ဆန်းဒါးအူဆစ်နဲ့ ဗြိတိန်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား အန်သော်နီဂျိုရှူယာတို့ရဲ့ ဟဲဗီးဝိတ်တန်း မကျေပွဲကို ဧပြီလအတွင်းမှာ ယှဉ်ပြိုင် ထိုးသတ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဗြိတိန်လက်ဝှေ့ကျော် ဂျိုရှူယာဟာ ဆုံးရှုံးသွားခဲ့တဲ့ ဒဗလျူဘီအေ(စူပါ)၊ ဒဗလျူဘီအိုနဲ့ အိုင်ဘီအက်ဖ် စတဲ့ ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်တွေကို ပြန်လည်ရယူဖို့အတွက် တာစူနေတာဖြစ်ပြီး ဂျိုရှူယာဟာ အဲဒီချန်ပီယံခါးပတ်တွေကို ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ယူကရိန်းလက်ဝှေ့ကျော် အိုလက်ဆန်းဒါးအူဆစ်ကို ရှုံးနိမ့်ခဲ့လို့ လွှဲပေးခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အိုလက်ဆန်းဒါးအူဆစ်နဲ့ ဂျိုရှူယာတို့ရဲ့ ဟဲဗီးဝိတ်တန်းမကျေပွဲအတွက် ဆွေးနွေး မှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ပြိုင်ပွဲဖြစ်မြောက်ခဲ့မယ်ဆိုရင် ဗြိတိန်နိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီဟဲဗီးဝိတ်တန်းမကျေပွဲဟာ ဂျိုရှူယာအတွက် နိုင်ပွဲဖြစ်လာမှာဖြစ်ကြောင်းနဲ့ ဗြိတိန်မြေမှာ ရှူယာကို နိုင်ပွဲနဲ့အတူ မြင်တွေ့ရလိမ့်မယ်လို့လည်း ပြိုင်ပွဲစီစဉ်သူ အက်ဒီဟန်းက ပြောကြားခဲ့ပါတယ်။

ငွေကြယ်