ဧချင်းများထဲမှ လူဝင်စားများ

၁၈ ဒီဇင်ဘာ

တောင်ငူခေတ်သည် မြန်မာစာပေသမိုင်းတွင် ရတုခေတ်၊ ဧချင်းခေတ်ဖြစ်သည်။ နဝဒေးနတ်သျှင်နောင်၊ လှော်ကား သုံးထောင်မှူး မင်းဇေယျရန္တမိတ်၊ ရှင်သံခို ရှင်ထွေးနသိန်၊ ရဝေရှင်ထွေး၊ ပဲခူးမိဖုရား၊ ရာဇဓာတုကလျာ အစရှိသော စာဆိုတော်များ ပေါ်ထွန်းခဲ့သည်။ မြန်မာနိုင်ငံ ဝါးအစည်း ပြေသကဲ့သို့ ဖရိုဖရဲဖြစ်နေစဉ် မင်းကြီးညိုက စတင်၍ ပြန်လည်စည်းရုံးခဲ့ပြီး သားတော် တပင်ရွှေထီး၊ ဘုရင့်နောင်တို့ လက်ထက်တွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးအဖြစ် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါသည်။ စစ်ပွဲပေါင်းများစွာ ဆင်နွှဲရင်း စစ်ချီရတုများ ၊ ဘိုးဘေးတို့၏ ဘုန်းလက်ရုံးကြီးပုံများကို ဧချင်းများဖြင့် ဖွဲ့ကြသည်။

၁၂၇၄ ခုနှစ်တွင် ထုတ်ဝေသော ဧချင်းဟောင်း ၁၂ စောင်တွဲ (ဝတ်လုံတော်ရ ဦးမေအောင်တည်းဖြတ်) စာအုပ်တွင် (၁) ရခိုင်မင်းသမီးဧချင်း (စာဆို-အဒူမင်းညို)၊ (၂) သခင်ထွေးဧချင်း (စာဆို-ရှင်သူရဲ)၊ (၃) မင်းတရားရွှေထီး နားတော်သွင်းချင်း (စာဆိုလှော်ကား သုံးထောင်မှူး)၊ (၄) မင်းတရားရွှေထီး နားတော်သွင်းချင်း (စာဆိုလှော် ကားသုံးထောင်မှူး)၊ (၅) မင်းတရားမယ်တော် ဧချင်း (စာဆို-တလုပ်မြို့ စားသင်္ခယာ)၊ (၆)နတ်ရှင်မယ်တော် ဧချင်း (စာဆို-ကျည်တောင်သားဆီးကိုင်း)၊ (၇)မဟာ ဥပရာဇာဧချင်း (စာဆို-တလုပ်မြို့စားသင်္ခယာ)၊(၈)မင်းရဲကျော်စွာစုန်ဧချင်း (စာဆို-ရာဇဗာဟု)၊ (၉) သခင်ကြီး ဧချင်း (စာဆို-ပယ်သူငယ်စားရှင် မြတ်ခေါင်) ၊(၁၀) ယိုးဒယား မိဖုရားဧချင်း (စာဆို-နဝဒေး) ၊ (၁၁)၊ မင်းရဲနရာ ဧချင်း (မင်းဇေယျရန္တမိတ်) (၁၂) မင်းရဲဒိဗ္ဗဧချင်း (စာဆို -ရှင်သံခို) တို့ပါဝင်သည်။ “တဝေးမပြား” အစချီသော တပင်ရွှေထီးဆွေတော်စဉ် ဧချင်းကို ချန်လှပ်ခဲ့ကြောင်း သိရပါသည်။ အထက်ပါ ဧချင်းများကို ကြည့်ပါက တောင်ငူ ခေတ်ချင်း ၁၁ ပုဒ်၊ရခိုင်ဒချင်းတစ်ပုဒ်၊ အင်းဝခေတ်ချင်း တစ်ပုဒ်နှင့် ညောင်ရမ်းခေတ် ဧချင်းတစ်ပုဒ်တို့ပါဝင်သည် ကိုတွေ့ရပါသည်။ ချန်လှပ်ခဲ့သော တပင်ရွှေထီးဆွေတော်စဉ် ဧချင်းပါပါဝင်လျှင် တောင်ငူခေတ်ဧချင်း ၁၁ ပုဒ်ရှိ သည်ကို တွေ့ရပါသည်။

လူဝင်စားကြောင်း ဧချင်းများ တောင်ငူခေတ် လူဝင်စားများနှင့် ပတ်သက်၍ ထင်ရှားသော ဖြစ်ရပ်တစ်ခုမှာ တပင်ရွှေထီးမင်းသည် မွန်ဘုရင် ဓမ္မစေတီမင်းသားတော် မင်းရဲကျော်စွာ ဖြစ်ခဲ့ဖူးသည်ဟု ဦးကုလားရာဇဝင်၊ တွင်းသင်းရာဇဝင်နှင့် မှန်နန်း ရာဇဝင်တို့တွင် ပါဝင်သည်။ အိမ်ရှေ့မင်း အကြံအစည်နှင့် အိန္တိတ်သတ်လေသောအခါ မြန်မာမင်းသားဖြစ်၍ မွန်သုံး ရပ်ကို နှိမ်နင်းရလိုသောဟုရွှေမော်ဓောဘုရားကို ပူဇော်၍ သေဆုံးပြီး နောက်ဘ၀တွင် တပင်ရွှေထီးဖြစ်လာသည်ဟု ဆိုသည်။ တပင်ရွှေထီး ပဋိသန္ဓေနေသောအခါ မင်းရဲကျော်စွာဝင်စားကြောင်းမယ်တော်အား အိပ်မက်ပြသည်။ ဧချင်းများကို လေ့လာသောအခါ မဟာဥပရာဇဒချင်းတွင် တပင်ရွှေထီး နတ်ရွာစံပြီးနောက် တူတော် နန္ဒဘုရင် နှင့် သမီးတော်ပဲခူးမိဖုရားတို့၏ သားတော်အကြီး မဟာ ဥပရာဇာအဖြစ် ဝင်စားကြောင်း ဖော်ပြထားသည်။

မဟာဥပရာဇာဧချင်းကို ရေးဖွဲ့သူစာဆိုမှာ တလုပ်မြို့စား သင်္ခယာဖြစ်ပြီး သံတိုင်ပိုဒ်ရေ ၈၄ ပိုဒ် ၊ သံဘောက် ၁၂ ပိုဒ်၊ သံလွှဲ ၁၀ ပိုဒ် ၊ သံကြူး ၁၃ ပုဒ် ပါဝင်သော | ဧချင်းဖြစ်သည်။ မြင်စိုင်း၊ ပင်းယ၊ အင်းဝ၊ မင်းများမှဆင်းသက်လာသော ဘိုးလောင်းတော်၊ ဘေးလောင်းတော်တို့၏ ဘုန်းတန်ခိုးကြီးမားပုံတို့ကို ချီးကျူးဖွဲ့ဆိုထားပြီး၊ ၎င်းနောက် တောင်ငူမင်း မင်းကြီးညို ၊ တပင်ရွှေထီး၊ မင်းရဲသိင်္ခသူ၊ ဘုရင့်နောင်တို့၏ ဘုန်းတန်ခိုးကြီးမားပုံ၊ အိမ်ရှေ့မင်း မဟာဥပရာဇာကို သက္ကရာဇ် (၉၂)ခုနှစ်၊ နတ်တော်လပြည့် တနင်္ဂနွေနေ့တွင် ဖွားမြင်ကြောင်းတို့ကို ဖော်ပြထားပါသည်။

ဧချင်းပိုဒ်ရေ ၇၃ တွင် “ထက်ဌာနတ်များ၊ ပျော်ပါး စံပြီး၊ ဘဦးရီးပင်၊ မွေးဘခင်သည် ငါ့တွင် လည်းကောင်း ရွှင်လန်းအောင်း၍ နန်းလောင်းမင်း၊ ဖြစ်ပြန်လာဟု၊ ကြင်နာဆွတ်ဆွတ်၊ တိမ်းညွှတ်ယုယ၊ တခဏမျှ ခွာကြ မရက်၊ လွန်စုံမက်၍” ဟုဖော်ပြထားပြီး ၊ မဟာဥပရာဇာ၏ ဘခင်နန္ဒဘုရင်၏ ဦးရီးတော် ၊ မယ်တော်၏ ခမည်းတော် ဖြစ်သော တပင်ရွှေထီးမင်းပြန်လည်ဝင်စားသဖြင့် ချစ်ခင် ကြင်နာယုယစွာဖြင့် တခဏပင် မခွာရက်နိုင်အောင် ချစ်ရကြောင်း ဖွဲ့ဆိုထားခြင်း ဖြစ်သည်။

ဧချင်းပိုဒ်ရေ ၇၄ တွင် “လောကထိပ်မိုး ၊ ရှင့်ချစ်ဘိုးလည်း မြတ်နိုးလျှင်ပြင်း၊ ဆင်မြင်းသင်းကျေး များစွာပေးရှင်၊ မြတ်လေးညာထား ၊ ရှင်ပင့်ဘွားတုံ၊ ဝတ်စားတန်ဆာ၊ ရတနာတိုက်ကျ စသည်မယွင်း၊ အပ်ဆောင်နှင်း၏” ဘိုးတော်ဘုရင့်နောင်မင်းတရားကြီးနှင့် တောင်ညာစံ အတုလသီရိ မဟာရာဇဒေဝီ (တပင်ရွှေ ထီး အမတော်သခင်ကြီး) တို့ကလည်း ချစ်မြတ်နိုးလှသဖြင့် စားကျေးစားလက်၊ ဆင်မြင်းကျေးကျွန် ၊ဝတ်စား တန်ဆာ၊ လက်ဝတ်ရတနာများ ချီးမြှင့်ကြောင်း ဖော်ပြထားပါသည်။

ပိုဒ်ရေ ၇၇ တွင် “မင်းအင်တန်ဆာ၊ စေ့စုံစွာဖြင့် ၊ တောင်ညာထွတ်ထား၊ ရှင့်ပင်ဘွားလျှင် ချစ်အားရေးရှု လာတော်မူ၍ ကြည်ဖြူရှုပ်နမ်း၊ အားရမ်းအင်ထက် နှစ်သက်ရွှင်ဖြိုး၊ မြတ်နိုးကြည်ညို ဤသို့ဆို၏။ ငါ့ကို မြတ်လေး၊ ငါ့မောင်ထွေးပင်၊ ငါ့မြေးတဖန်၊ ဖြစ်လာပြန် သည်။ သဏ္ဌာန်တည့်တူရေး မှန်လှသေး” လည်းယဉ် ယဉ်ဧ။သံလွှဲ အပိုဒ် (၉)တွင် “ဇမ္ဗူပွင့်လွှာ မြတ်သစ္စာနှင့် ကလျာထွန်းဝင်း။ ရှင့်မိမင်း၌ ထန်ပြင်းတန်ခိုး၊ ရှင့်ဘိုးရဲကျော် ၊ နတ်ပြည်ပျော်မှ၊ ဘေးတော်ကြီးမြစ်ရှင့်ချစ်တဘန်၊ ဖြစ်လာပြန်သည်။ သဏ္ဌာန်တူမကွဲ၏လေ" သံကြားအပိုဒ် ( ၁၁ တွင် “ရှင့်ဘရန်နင်း၊ ရှင့်မိမင်း၏စောင့်ခြင်း၊ သီလအာ စာရကြောင့်၊ မာဃဘုန်းလျှံ သူဇံပတိ၊ သိလေတုံး၊ပျော်ပါးနတ်ဘောင် ၊ဘွားတော်မောင်ကို ၊ကြဉ်းဆောင်လူ ( ဘော် သမီးတော်တွင် ၊ သားပင်တဖန် ၊ ဖြစ်တုံပြန်လည် ပွင့်ရန် သက်ရွယ်လူး၏လေ” ဟု သီကုံးဖွဲ့ဆိုခဲ့ပါသည်။

မဟာဥပရာဇာ၏ ဘွားတော်ဖြစ်သော ဘုရင့်နောင်မင်းတရားကြီး၏ မိဖုရားခေါင်ကြီးက သူ၏မောင်တော် ဖြစ်သော တပင်ရွှေထီးမင်းသည် သူ၏မြေးအဖြစ် ပြန်လည်ဝင်စားလာသဖြင့် နှစ်သက်ဝမ်းသာစွာ ဖက်ရင်းနှမ်း ရှုပ်ကြောင်း ခမည်းတော်မယ်တော်တို့၏ သီလစောင့်ထိန်း ခြင်းကြောင့် သိကြားမင်းက နတ်ပြည်တွင် စံနေသော ( တပင်ရွှေထီးကို သူ၏သမီးထံတွင် ပြန်လည်ဝင်စားစေသည်ဟု အလင်္ကာမြောက်စွာ ဖွဲ့ဆိုထားသော စာဆိုတော် တလုပ်မြို့စား သင်္ခယာကား အံ့သြချီးကျူး လောက်ပေသည်။

ဗုဒ္ဓဘာသာ ကျမ်းဂန်အလိုအရ သေပြီးနောက်တွင် |လားရာဂတိငါးပါးရှိပါသည်။ (၁)ဒေ၀ဂတိ- နတ်ပြည်သို့ရောက်သွားသူ၊ (၂)တိရစ္ဆနဂတိ-တိရစ္ဆာန်ဘ၀ရောက်သွားသူ၊ (၃) နိရယဂတိ-ငရဲပြည်သို့ ရောက်သွားသူ၊ (၄) ပေတဂတိ -ပြိတ္တာဘ၀ရောက်သွားသူ (၅)မနုဿဂတိ-လူ့ပြည်သို့ ပြန်ရောက်သူတို့ ဖြစ်ကြသည်။ လူဝင်စားဖြစ်သူများမှာ မနုဿဂတိသို့ ရောက်သူများဖြစ်ပါသည်။ လူအများစုမှာ လူဝင်စားများဖြစ်ကြသည်။ ဘဝသံသရာခရီးတစ်လျှောက် ကံအမြစ်ကို မဖြတ်နိုင်သေးသမျှသတ္တဝါတိုင်းသည် (၃၁) ဘုံဝယ်လူဝင်စား၊ ပြိတ္တာဝင်စားများအဖြစ် ကျင်လည်နေရ မည်သာဖြစ်ပါသည်။

ဘဝဟောင်းကို မှတ်မိခြင်း အတိတ်ဘ၀ ဆုတောင်းမှုကြောင့်လည်းကောင်း၊ သတိတရားကြောင့်လည်းကောင်း၊ ဇာတိဿရဉာဏ်ရသူများကဘ၀ဟောင်းကို မှတ်မိပြီး ပြန်လည်ပြောပြနိုင် ခြင်းသာဖြစ်သည်။ ကျန်သူများမှာ ဇာတိဿရ မှတ်ဉာဏ် မရသဖြင့်ဘ၀ဟောင်းကိုမမှတ်မိဘဲ သံသရာအဆက်ဆက် လည်နေရခြင်းဖြစ်သည်။ 

ကံကံ၏ အကျိုးကို ယုံကြည်ခြင်း တမလွန်ဘဝရှိသည်ဟုလည်း ယုံကြည်ကြသဖြင့်လူဝင်စားပိုမိုများပြားလာသည်ဟု ဆိုနိုင်ပါသည်။ ရှေးအခါက ပိုမိုယုံကြည်ကြပေမည်။ ဘဝကိုစွဲလန်းသောတဏှာကြောင့် ကျန်သူများမှာ ဇာတိဿရဉာဏ်မရသဖြင့် ဘ၀ဟောင်းကို မမှတ်မိဘဲ သံသရာအဆက်ဆက် လည်နေရ ခြင်းဖြစ်သည်။ ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားဖြင့် သစ္စာလေးပါး သိမြင်နိဗ္ဗာန်ဝင်နိုင်အောင် ကြိုးစားပါမှလူဝင်စား ဘ၀မှ သံသရာမှ လွတ်မြောက်ကြမည်ဖြစ်ပါသည်။ ။

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားတက္ကသိုလ် စိတ်ရောဂါ ဗေဒပါမောက္ခ ဒေါက်တာစတီဗင်ဆင်သည် လူဝင်စား သုတေသနများကို ဆောင်ရွက်ခဲ့သည်။ ဂျပန်၊ အီတလီ၊ အင်္ဂလန်၊ မြန်မာစသောနိုင်ငံများရှိ လူဝင်စားပေါင်း ၁၆၆၇ ဦးကို လေ့လာပြီး ထင်ရှားသော လက္ခဏာများကို ဖော်ထုတ်ခဲ့သည်။ ၎င်းတို့မှာ (၁)လူဝင်စားဖြစ်သည်ဆိုသော သူ သည် ကလေးအရွယ်အသက် (၃)နှစ်လောက်ကစ၍ အတိတ်ဘ၀အကြောင်း မှန်ကန်စွာပြောနိုင်ခြင်း၊ (၂) ဘ၀ဟောင်းမှ ဆွေမျိုး သားချင်း၊ မိတ်ဆွေသူငယ်ချင်း၊ နေရာဌဌာန များနှင့် ဖြစ်ပျက်မှုများသည် ချစ်စိတ်၊ မုန်းစိတ်၊ ကြောက် စိတ်စသည်တို့ကို ဖြစ်ပေါ်စေခြင်း၊(၃) လူဝင်စားနှင့်ဆိုင်ရာ အတိတ်ဘဝပုဂ္ဂိုလ်နှင့် စရိုက်ဝါသနာတူညီမှုရှိခြင်းတို့ ဖြစ်သည်။

တပင်ရွှေထီး ဘဝဖြစ်စဉ်ကို သုံးသပ်ကြည့်ပါက သုံးဘ၀လုံးတွင် မင်းသားဖြစ်ပြီး ဓမ္မစေတီမင်းသား မင်းရဲကျော်စွဘဝတွင် အိမ်ရှေ့မင်း၏ အကောက်ကြံမှုကြောင့် ကွပ်မျက်ခံရခြင်း၊ တပင်ရွှေထီး (၈၇၈-၉၁၂) ဘ၀တွင် လျှမ်းလျှမ်းတောက် ကျော်ကြားဘုန်းတန်ခိုးကြီးမားသော မင်းဖြစ်ရသော်လည်း အတိတ်ကံကြမ္မာကြောင့် သက်တော် ၃၅ နှစ်တွင် လုပ်ကြံခံရ၍ နတ်ရွာစံပြန်သည်။ ဧချင်းများအရ နန္ဒဘုရင်၏ သားတော်အဖြစ် ဝင်စားပြီး အိမ်ရှေ့စံ မဟာဥပရာဇာ (၉၉၂-၉၅၄) ဖြစ်သော်လည်း သက်တော် ၃၂ နှစ်တွင် ယိုးဒယားဘုရင် ဗြနရစ်နှင့် ဆင်စီးချင်းတိုက်ပွဲတွင် စိန်ပြောင်းကျဉ်းသင့်၍ သေဆုံးရပြန်သည်။ အတိတ်ဘ၀များက ဥပစ္ဆေဒကကံသည် ဆက် တိုက်လိုက်ပါလျက်ရှိသည်။

ဘုရင့်နောင်မင်းတရားကြီးသည် ဒီပဲရင်း စတုကာ မဏီသမီး ရှင့်ထွေးလှကို ရာဇဒေဝီအမည်ဖြင့် မိဖုရားမြှောက်သည်တွင် သားတော် နော်ရထာစော (ဇင်းမယ် ဘုရင်ခံ) သမီးတော် ရာဇဓာတုကလျာနှင့် သားတော် သင်္ဃဒတ္တတို့ကို ဖွားမြင်သည်။ ဘုရင့်နောင်၏ ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာနှင့် စလင်းမိဖုရားတို့မှ သမီးတော် မင်းတရားမယ်တော်နှင့် ဆင်ဖြူရှင်မယ်တော်ပေါင်း နှစ်ပါးထွန်းကားသည်။ ဇင်းမယ်ဘုရင်ခံ နော်ရထာ နှင့် ဆင်ဖြူရှင်မယ်တော်ကို ထိမ်းမြားရာမှ သားတော် သုံးပါးနှင့် ယခုဧချင်းဖွဲ့ ခံရသည့် နောင်တွင် ယိုးဒယား မိဖုရားဖြစ်လာမည့် သမီးတော် တစ်ပါး ပေါင်းလေးပါး ဖွားမြင်သည်။ မောင်တော် တုလောင်းမင်းသားမှာ နော်ရထာစော နတ်ရွာစံပြီး ဇင်းမယ်ဘုရင်ဖြစ်လာ၍ ဘုရင့် နှမတော်ချင်းဟုလည်းခေါ်သည်။ စာဆိုတော်မှာ ထောင်သင်းမှူး န၀ဒေးဖြစ်သည်။ မင်းသမီး ဖွားမြင်သောနှစ်မှ သက္ကရာဇ် (၉၄၀) ဖြစ်သည်။ အပိုဒ်ရေ ၅၀၊ သံဘောက် ၁၄ ပိုဒ်ပါဝင်သည်။

နော်ရထာစောနှင့် ဓာတုကလျာတို့၏ မိခင် ရာဇဒေဝီ မိဖုရားကြီး နတ်ရွာစံပြီးနောက် ဇင်းမယ်ဘုရင်ခံ နော်ရထာစောနှင့် ဆင်ဖြူရှင်မယ် မိဖုရားတို့တွင် သမီးတော်အဖြစ် ဝင်စားသည်ဟုဘုရင့်နောင်၏ နှမတော် ဓမ္မဒေဝီမိဖုရားကြီးကယုံကြည်သဖြင့် ဝမ်းမြောက်ဝမ်းသာ ချစ်ခင်စွာဖြင့် လက်ကောက်ခြေကျင်း ဝတ်စားတန်ဆာ ပိတ်အုပ်များ လက်ဖွဲ့သည်ကို အပိုဒ်ရေ ၄၇ ၌ "ဓမ္မဒေဝီ ---ဘွားတော်လတ်လည်း လေးမြတ်ကဲဆ၊ ကြင်မော လှ၏ ယောက်မမောင်စစ်၊ ရောက်ပြန်လစ်ဟု၊ လွန်ချစ် ဝမ်းမြောက်၊ လက်ကောက် ခြေချင်း၊ ဖြူဝင်းနံကြီး၊ ခင်နှီး ပိတ်လုပ် ၊ ဇလပ်မပြား၊ ပေးမှတ်သားသည် စကားတည့် —–ပန်းသို့ မွှေး” ဟု ဖွဲ့ဆိုထားပါသည်။

ထွေးလေးတော်စပ်သော မင်းတရားမယ်တော် (နန္ဒ ဘုရင်၏ မိဖုရား) ကလည်း ဘုရင့်နောင်မင်းကြီး၏ ရာဇ မဒေဝီမိဖုရသည် သားတော်နော်ရထာစော၏ မိဖုရား ဆင်ဖြူရှင်မယ်တော် (မင်းတရား မယ်တော်၏အစ်မ)ထံ တွင် ဝင်စားသည်ဆိုကာ လက်ဖွဲ့သည့်အကြောင်းကို အပိုဒ် ၄၈ တွင် “--- မိမင်းညီမ၊ ကြင်ဆထပ်ပေါင်း၊ မထွေးတော်နှောင်းလည်း ၊ နှစ်ထောင်းစုံမက်၊ အသက်တမျှ၊ လွန်ယုယလျက် ၊ အမကြီးရှင်း၊ သခင်သမီး၊ ထွန်းငြိမ့်လေး၊ ဘမင်းမြေဟု၊ပန်းသေးခုံပြောက်၊ လက်ကောက်ခြေ ချင်း ရှင်းပိတ်လုပ်၊ ပေါ်ထင်ခင်းကျင်း ချစ်ဘေးနှင်းသည် အရင်းတည့်ရှင်မိထွေး” ဟု ဖော်ပြပါသည်။

ဆွေမျိုးများက ယုံကြည်ကြ ဖခင်နော်ရထာစော၏ နှမဓာတုကလျာ မင်းသမီး ကလည်း မယ်တော်ဝင်စားသည်ဟုယုံကြည်ကာ တူမတော် ယိုးဒယ မိဖုရားမင်းသမီးလေးကို အလွန်ချစ်မြတ်နိုးစွာဖြင့် လက်ကောက်ခြေချင်း လေးစုံ အဖိုးထိုက်တန်သော ခါသာပိတ်များလက်ဖွဲ့ သည့်အကြောင်းကို အပိုဒ် ၄၉ တွင် “နန်းထက်ဘွားမြော်၊ ရွှေအိမ်ပျော်သွား၊ ဘိုးတော် မျက်ရှု၊ ဓာတုကလျာ၊ မြတ်စွာသတင်း မိစိုးမင်းလည်း၊ ချစ်ခြင်းလွန်ကြူး၊ ရွှေသို့ဦးလျက်၊ ကျေးဇူးသခင် ၊ မိလွန်း ကြင်လျှင် နတ်ခွင်မကြာ၊ နောက်လာပြန်လစ်၊ တူမချစ်ဟု၊ သရစ်မင်းလျောက်၊ လေးစုံမြောက်သား။ လက်ကောက် လျှံဝင်း၊ ခြေချင်းရည်လေးညွှန့်သေးပိတ်လုပ်၊ ကြည်းဖွပ် ကဝါ၊ ခါသာကြိုင်ရွင်း၊ သလင်းအတူပေးတော်မူသည်။ မဉ္စတည့်--တွန့်ရစ်ကွေး” ဟု ရေးဖွဲ့ထားပါသည်။

အရှေ့တိုင်းသားတို့၏ ဘာသာရေးအယူအဆတွင် ကံကံ၏ အကျိုးကို ယုံကြည်ခြင်း၊ တမလွန်ဘဝရှိသည်ဟု ယုံကြည်ပါသည်။ ရှေးအခါက ပိုမိုယုံကြည်ကြပေမည်။ ဘဝကိုစွဲလန်းသော တဏှာကြောင့် ဘ၀တစ်ဖန်ပြန်ရနိုင်ကြောင်း ပဋိစ္စသမုပ္ပာဒ်တရားတော်တွင် ဟောကြားခဲ့ပေသည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ အတွင်းက ဖြစ်ရပ်များကို ဆန်းစစ်ကြည့်ပါက ပြန်လည်ဝင်စားသူတို့သည် ဘ၀ဟောင်းကို မည်ကဲ့သို့ မှတ်မိသိရှိသည်ဟု မပါဝင်ဘဲ သူတို့၏ ဆွေမျိုးသားချင်းများက ထိုသူများ ပြန်လည် ဝင်စားသည်ဟု ယုံကြည်နေခြင်းလည်း ဖြစ်နိုင်ပါသည်။

ဘ၀အိုးအိမ် အကြိမ်ကြိမ်လည်ပတ်စေနိုင်သော သံသရာကို လည်စေနိုင်သော နီဝရဏတရများကို မဟာ သတိပဋ္ဌာန် ကျင့်စဉ်တရား ကြိုးစားအားထုတ်ခြင်းဖြင့် ပယ်ဖြတ်၍ မြန်နိဗ္ဗာန်သို့လျင်မြန်ထုတ်ချောက် ရောက်စေ ရန် ဆန္ဒပြု တင်ပြလိုက်ရပါသည်။

ဘ၀အိုးအိမ် ၊ ကြိမ်ကြိမ်ဖြတ်သန်း၊ 
လာရာလမ်းကို ၊ စွဲလမ်းစုံမက် 
နှစ်သက်မြတ်နိုး ၊ စိတ်ကိုချိုး၍ 
ကြိုးစားကျင့်ကြံ၊ မြတ်နိဗ္ဗာန်သို့ 
ဧကန်ရောက်ကြောင်း ၊ အကျင့်ကောင်းကိုကောင်းစွာအားထုတ်နိုင်စေသဝ်။ 

ကျမ်းကိုး

၁။ ဧချင်းဟောင်း (၁၂) စောင်တွဲ၊ ဦးမေအောင်တည်းဖြတ် (၁၂၄၇) 

၂။ တောင်ငူရာဇဝင်၊ ဆရာပွား (၁၉၂၄) 

၃။ ရာဇဝင်ထဲက အငြင်းပွားစရာများ(၂) တင်နိုင်တိုး 

၄။ လူဝင်စား၊ တက္ကသိုလ်ရှင်သီရိဓမ္မာစရိယ(ဘီအေ
(၁၉၉၈)

သောင်းကေတု