ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင် နောက်ဆုံးအဆင့်ဖြေဆိုယှဉ်ပြိုင်

 

ရန်ကုန် မေ  ၂၈

 

ဧကာဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် နောက်ဆုံးအဆင့် ဖြေဆိုယှဉ်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဌ၊ အဂ္ဂမဟာကဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများ ၊ဌာနဆိုင်ရာတာ၀န်ရှိ သူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့ (ဗဟို) နာယကကြီးများ၊ ဥက္ကဌနှင့် တာ၀န်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်သူများနှင့် မိဘဆွေမျိုးများ၊ အလှူရှင်များနှင့် ပရဟိတ အဖွဲ့အစည်းများ တက်ရောက်ကြသည်။

 

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့(ဗဟို)ဥက္ကဌ ဒေါက်တာပဏ္ဍိတ သိက္ခုဆရာတော် က အဖွင်အမှာစကားမိန့်ကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြန်မာနိုင်ငံ လုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့ (ဗဟို)နှစ်ထပ် ဗိမာန်တော်ကြီး တည်ဆောက်ရန်အတွက် ငွေကျပ်သိန်း (၃၀၀)နှင့် ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲအတွက်သိန်း(၁၅၀)တို့ကို ပေးအပ်လှူဒါန်းရာ မြန်မာ နိုင်ငံလုံး ဆိုင်ရာသုတ စုံလင်ဗုဒ္ဓ၀င်အဖွဲ့ (ဗဟို)နာယက အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြား/စီမံ)(ငြိမ်း)ဦးစိန်မော်နှင့် ဘဏ္ဍာရေးမှူး ဒေါက်တာမြသီတာဆွေတင်တို့က လက်ခံရယူကြသည်။

 

ထို့နောက် မေ ၂၆ ရက်ကပြုလုပ်ခဲ့သည့် မဟာဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းကိုကြေညာ၍ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ခြောက်ဦးက စကားပြောစွမ်းရည်၊ ပါဠိရေးစွမ်းရည်နှင့် သာသနာတော်ဆိုရာ အထွေထွေ ဗဟုသုတ မေးခွန်းများကို ဖြေဆိုယှဉ်ပြိုင်ကြသည်။

 

မွန်းလွဲပိုင်းတွင် အလယ်တန်း(ဖိုင်နယ်အဆင့်)ဖြေဆိုခြင်းကို ဆက်လက်ကျင်းပပြီး အလယ်တန်းအဆင့် တစ်နိုင်ငံလုံးရမှတ်အများဆုံး(၂၀) နှင့် မူလတန်းအဆင့် (စာဖြေဌာနအလိုက်) ပထမဆုရှင်တို့အား ဂုဏ်ပြုလွှာနှင့် ဆုများကိုတာ၀န်ရှိသူ များကပေးအပ်ချီးမြှင့်ကြသည်။ 

ဆက်လက်၍ အလယ်တန်းအဆင့်ပြိုင်ပွဲကြီး၏ ရလာဒ်များကိုကြေညာပြီး အလယ်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ နှင့် ဆဋ္ဌမဆုများအပါဝင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၂၆)ဦးနှင့် နည်းပြများကိုတာ၀န်ရှိသူများက ဆုများ  ချီးမြှင့်ပြီးခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မင်းလတ်(mna)