E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းများမှ တာဝန်ရှိသူတို့၏ ရင်တွင်းစကားသံများ

ရန်ကုန် ဇန်နဝါရီ ၇

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ MSME Center ခန်းမ၌ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (MSME)ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ပိုမိုကျယ်ပြန့်စွာ ရရှိစေရန်နှင့် Digital စနစ်တွင် လိုက်ပါဆောင်ရွက်နိုင်ရန် E- Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းများနှင့် ပွဲအခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါပြပွဲမှ MSME လုပ်ငန်းများ အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြသည့် တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ ရင်တွင်းစကားသံများကို စုစည်းတင်ပြလိုက်ပါသည်။

ဦးသိန်းဆွေ (စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်)

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ စတင်ပြီး ကျွန်တော်တို့ MSME လုပ်ငန်းတွေက ထုတ်ကုန်တွေကို အွန်လိုင်းကနေ အားလုံးပါဝင်ပြီး ရောင်းချဖို့ One Stop Service အနေနဲ့ E- Market Platform ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းကနေ ဝယ်ယူသူများက မြေပြင်မှာ ‌ရွေးချယ်ဝယ်ယူလိုတဲ့ ဆန္ဒတွေ၊ တောင်းဆိုတာတွေ ရှိလာတာကြောင့် E-Market Platform ပေါ်မှာ ရောင်းချနေတဲ့ လုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း ပြသရောင်းချနိုင်ဖို့ Show room ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းပေါ်က ရောင်းချနေတာ ၂၁၁ ဦးမှာ ၁၁၇ ဦးက ယနေ့မှာ ပြသရောင်းချတာပါ။ ထုတ်ကုန် အမယ်ပေါင်း ၉၀၆ မျိုး ရှိပါတယ်။

MSME ဟာ နိုင်ငံစီးပွားမြှင့်တင် တဲ့နေရာမှာ အဓိကမောင်းနှင်အား ဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေဆိုတာ မျိုးစုံသော ပြောင်းလွယ်ပြင်လွယ်လုပ်ဖို့ဆိုတာ ခက်ခဲမှုရှိပါတယ်။ MSME လုပ်ငန်းငယ်တွေဆိုရင် ပြောင်းတာပြင်တာ လုပ်ဆောင်မှုမှာလျင်မြန်လွယ်ကူပါတယ်။ လုပ်ငန်းကြီးတွေထက် အားသာတဲ့အချက်ပါ။ တိုင်းပြည်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိတဲ့ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်နည်းပညာပေးရမလား၊ ဈေးကွက်ရှာဖွေပေးရမလား၊ ငွေကြေးအရင်းအနှီး ရှာဖွေပေးရမလား၊ အခြားဘာတွေ အခက်အခဲရှိနေလဲ၊ ဒီအခက်အခဲတွေကို ကျွန်တော်တို့ ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးလိုက်မယ်ဆိုရင် MSME တွေရဲ့ကဏ္ဍဟာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ MSME ကဏ္ဍဖွံ့ဖြိုးလာတယ်ဆိုတာ နိုင်ငံရဲ့ ထုတ်ကုန်မြင့်တက် လာတာဖြစ်တာကြောင့် နိုင်ငံရဲ့ GDP တိုးတက်မြင့်မားခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံစီးပွားမြှင့်တင်ရေးမှာ MSME ကဏ္ဍတွေကို အားပေးရမှာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်ပါဝင်ပြီး ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ကလည်း MSME ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်နဲ့အညီ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအပေါ်မှာ ဖွံ့ဖြိုးတိုးတက်လာအောင် မရပ်မနား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးဝင်းမြင့်အောင် (သဘာဝထုတ်ကုန်လုပ်ငန်းရှင်)

လွန်ခဲ့တဲ့နှစ် ၂၀ က အခု လုပ်ငန်းကို ပျိုးထောင်ခဲ့တာပါ။ အခုလို ထုတ်ကုန်ပြပွဲဆိုတာ မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ် တာဖြစ်တဲ့အတွက် ဝမ်းသာဂုဏ်ယူဖို့လည်း ကောင်းပါတယ်။ ကျွန်တော်တို့ ထုတ်ကုန်တွေကို မြန်မာပြည်တွင်းမှာလည်း မသိကြတာရှိတယ်။ အခုလိုပွဲမျိုးကို ကျင်းပပေးတဲ့အတွက် လုပ်ငန်းရှင်အချင်းချင်းလည်း ချိတ်ဆက်မိပြီး ဆွေးနွေးတိုင်ပင်လို့ ရသွားတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူသုံးကုန်ပစ္စည်းနဲ့ အစားအသောက်တွေ ထုတ်လုပ်ဖို့ အခွင့်အလမ်းတွေရစေပါတယ်။

သဘာဝ ခေါင်းလျှော်ရည်၊ တရော်ကင်ပွန်း၊ ဆံပင်သန်ဆေး၊ စပါးလင်ခြင်ဆေး၊ ‌ရေဆိုးသန့်စင် ဆေးရည်တို့ကို ပြည်တွင်းက သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ဖြန့်ဖြူးနေပါတယ်။ ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ ပြည်ပကို မြန်မာ့ထုတ်ကုန်တွေကို ပြသဖို့လည်း စိတ်အားထက်သန်နေပါတယ်။ မြန်မာနိုင်ငံကုန်ပစ္စည်းတွေကို ထုတ်လုပ်မယ်ဆိုရင် အသေးစားစက်မှုလက်မှုလုပ်ငန်းမှာ မှတ်ပုံတင်ဖို့လိုပါတယ်။ ပြီးရင် MSME မှာ Member ဝင်ပြီးတော့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ အားပေးပါတယ်။

ဦးမြင့်သိန်း (ငှက်ပျောလျှော်လုပ်ငန်းရှင်)

ကျွန်တော်က ငှက်ပျောလျှော်ကနေ အင်္ကျီ၊ အိတ်၊ ဖိနပ်၊ ပိတ်စ ထုတ်လုပ်နေပါတယ်။ MSME နဲ့ ပြပွဲတွေ၊ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက ပြပွဲမှာ ကျွန်တော်ရဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ပြသတာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်အချင်းချင်း တွေ့ဆုံဆက်သွယ်မှု ရရှိစေတဲ့အပြင် E- Marketing ထုတ်ကုန်တွေကို ပြည်သူတွေသိပြီး ဈေးကွက်ကျယ်ပြန့်လာစေတဲ့ အကျိုးကျေးဇူးကိုလည်း ရရှိစေပါတယ်။ ငှက်ပျောက ထုတ်လုပ်လို့ရတဲ့ ထုတ်ကုန်တွေကို မြို့ပေါင်း ၂၅ မြို့ မှာ သင်တန်းပေးခဲ့ပြီးတော့ ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလဖြစ်တဲ့အတွက် ၂၀၂၄ ခုနှစ်မှာ ကျယ်ပြန့်တဲ့ ဈေးကွက်တစ်ခုရအောင် ကြိုးစားနေပါတယ်။ ပြည်ပပို့ကုန်အတွက် ကျယ်ပြန့်တဲ့ ဈေးကွက်ရဖို့ဆိုရင် အချိန်တစ်ခုယူရလိမ့်မယ်လို့ ထင်ပါတယ်။ ပိုပြီးကြိုးစားရဦးမှာပါ။ ငှက်ပျောလျှော်ကထုတ်တဲ့ ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံချင်းမိုင်နဲ့ ကမ္ဘောဒီးယားကို တင်ပို့ဖို့ စီစဉ်နေတာရှိပါတယ်။ ဂျပန်ဆိုရင်လည်း နမူနာပစ္စည်းပို့ထားပြီးပါပြီ။

MSME လုပ်ငန်းရှင်တွေ လိုအပ်နေတာက နည်းပညာနဲ့ ငွေကြေးပံ့ပိုးမှုပါ။ နည်းပညာအားနည်းရင် ပြည်ပကို ထိုးဖောက်ဖို့၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်ဖို့မလွယ်ပါဘူး။ စျေးကွက်ကျယ်ပြန့်ဖို့အတွက် စွန့်ဦးတီထွင်ရတာဖြစ်တာကြောင့် ငွေကြေးလိုအပ်ချက်ရှိတယ်လို့ ဆိုတာပါ။ ဒီနေ့ပွဲဟာ ပထမဆုံးစတင်မိတ်ဆက်တာဖြစ်ပေမယ့် စိတ်ဝင်တစားလာကြတာများတယ်။ ပိုမိုကျယ်ပြန့်စည်ကားဖို့ဆိုရင် ပွင့်လင်းမြင်သာပြီး လွတ်လပ်တဲ့ ဝယ်ယူရောင်းဝယ်ခွင့်နဲ့ အများပြည်သူ ဝင်ထွက်သွားလာမှု အဆင်ပြေတဲ့ အခြေအနေတစ်ခုဆိုရင် ဝယ်ယူမှု ပိုပြီးများလာမှာပါ။ အခုလို MSME ထုတ်ကုန်တွေကို တစ်စုတစ်စည်းထဲမှာ ပြသရောင်းချနိုင်တဲ့အတွက် နိုင်ငံတော်နဲ့ စက်မှုဝန်ကြီးဌာနကို အထူးပဲကျေးဇူးတင်ပါတယ်။

ဦးလှကြည် (သဘာဝဆေးဖက်ဝင် ကမ်းဇော်ဆီလုပ်ငန်းရှင်)

ကျွန်တော်က တနင်္သာရီတိုင်းဒေသကြီးက လုပ်ငန်းရှင်တစ်ဦးပါ။ လွန်ခဲ့တဲ့ ၄ နှစ်က ထုတ်ကုန်ပြိုင်ပွဲမှာ တိုင်းဒေသကြီးအနေနဲ့ ဆုရခဲ့ပြီး ဆုရထုတ်ကုန် ၁၀၀ မှာ‌ ရွေးချယ်ခံရတဲ့ သဘာဝဆေးဖက်ဝင်ကမ်းဇော်ဆီ၊ ပရုပ်ဆီ၊ ဒဏ်ကြေလိမ်းဆေးထုတ်ကုန်ကို ဒီနေ့မှာ ပြသတာပါ။ အခုလို ပြသခွင့်ရတဲ့အတွက် မိမိရဲ့ထုတ်ကုန်ကို ပိုမိုသိရှိပြီးတော့ သဘာဝထုတ်ကုန်ဖြစ်တာကြောင့် အာနိသင်ရှိရှိ သုံးစေချင်ပါတယ်။ ပြသခွင့်ရအောင် စီမံဆောင်ရွက်ပေးတဲ့ ဌာနဆိုင်ရာ များနဲ့အားလုံးကို ကျေးဇူးတင်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ FDA က ထောက်ခံချက်ရဖို့ ကြိုးစားနေပြီးတော့ ပြည်ပပို့ကုန်အတွက်လည်း ပြင်ဆင်နေပါတယ်။ ပထမကမ်းဇော်ဆီကို ရိုးရိုးပဲထုတ်ပြီးတော့ နောက်ပိုင်းဒဏ်ကြေလိမ်းဆေး၊ ပရုပ်ဆီထုတ်ပါတယ်။ တန်ဖိုးမြှင့်အဖြစ် ခေါင်းလျှော်ရည်၊ အသားအလှဆီ၊ ဆပ်ပြာထုတ်လုပ်ပြီး ဈေးကွက်ချဲ့ထွင်ဖို့လည်းရှိပါတယ်။ ကမ်းဇော်ဆီဟာ အနာအကျက်မြန်ပြီး အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်တာ၊ အရေပြားပေါ်က အနာတွေကအစ ပျောက်ကင်းပါတယ်။ သုတေသန ပြုလုပ်ထားတာ မရှိပေမယ့် ကင်ဆာသမားတွေ ယုံကြည်စွာ သုံးစွဲနေတာရှိပါတယ်။ အခုလို ပြပွဲမှာ ပြသနိုင်အောင် ကူညီပေးခဲ့တဲ့ ဌာနဆိုင်ရာအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စန္ဒာငြိမ်း (ခါတော်မီတိုင်းရင်းဆေးနှင့်စားသောက်ကုန် လုပ်ငန်းရှင်)

MSME ထုတ်ကုန်တွေကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပကိုလည်း ပို့နေပါတယ်။ ထုပ်ပိုးမှုအပိုင်းမှာ ပြည်ပနိုင်ငံအချို့က မကြိုက်သေးတာရှိတယ်။ ဥရောပဆိုရင် ဖန်ပစ္စည်းကို အသုံးများတယ်။ ဒီကပို့တဲ့ ပျားရည်ဆိုရင် ဖန်ပုလင်းနဲ့ထုပ်ပိုးပြီး တင်ပို့နိုင်ရင် ဈေးကွက်ပိုလှတာသိပေမယ့် ထုပ်ပိုးပစ္စည်းထုတ်လုပ်ဖို့ အခက်အခဲရှိတယ်။ ပြင်သစ်ကိုပို့တဲ့ မြန်မာ့ပျားသံပရာဆိုရင် ပေါင်မုန့်နဲ့တို့စားတယ်၊ ဖျော်စားတယ်။ တောင်ပေါ်သီးမွှေး ပျားရည်လည်းထုတ်ပါတယ်။ ပြည်ပပို့ကုန်မှာ နိုင်ငံခြားသားတွေက လက်ဖက်ခြောက်မှာ စံပယ်ပန်း၊ ကြာဖူး၊ ကြာပန်း၊ ဂန္ဓမာပန်း၊ ကံ့ကော်ပန်း၊ သံမနိုင်ကျောက်မနိုင်၊ တောင်ဆီးဖြူ၊ ကြက်သဟင်း၊ ရှောက်ရွက်၊ ကြာသီးရနံ့တို့ကိုလည်း ကြိုက်ကြတယ်။

ပြည်ပပို့ကုန်ကနေ နိုင်ငံစီးပွားမြှင့်တင်ရေးကို အထောက်အကူပြုတဲ့အတွက် MSME ထုတ်ကုန်တွေ ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်စေချင်ပါတယ်။ ထုတ်ကုန်အရည်အသွေးကောင်းသော်လည်း ပါကင် ထုပ်ပိုးမှုစက်ပစ္စည်းလိုအပ်ချက် တွေရှိနေပါတယ်။ ကျွန်မတို့နိုင်ငံက MSME လုပ်ငန်းမှာ ထုတ်ကုန်တွေကို အတော်များများ ထုတ်နိုင်ကြတယ်။ အကုန်လုံးလည်း ကြိုးစားကြတယ်။ အာရှမှာဆိုရင်နိုင်ငံ တော်တော်များများမှာ ထုတ်ကုန်ပစ္စည်းတွေ ဈေးကွက်မှာ ရှားလာပြီးတော့ ဈေးလည်းကြီးလာတယ်။ မြန်မာနိုင်ငံက ပစ္စည်းက ဈေးနှုန်းသက်သာနေတဲ့အတွက် စားသုံးသူအတွက် အဆင်ပြေနေတယ်။ အခုလို ပြပွဲဖွင့်လှစ် ပြသနိုင်အောင် ဆောင်ရွက်ပေးတဲ့ အကြီးအကဲတွေအားလုံး၊ စက်မှုဝန်ကြီးဌာနနဲ့ FDA က ဆရာ ဆရာမတွေ၊ အသင်းအဖွဲ့တွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

ဒေါ်ဇင်ခိုင်မြင့် (ငှက်ပျောသီး၊ ငှက်ပျောခြောက်လုပ်ငန်းရှင်)

ကျွန်မက ပြည်ပကမျိုးယူတဲ့သီးမွှေးငှက်ပျောသီးကို စိုက်ပြီးပြည်ပကို ရေလမ်းကြောင်းကနေ ပို့ပါတယ်။ ပြီးတော့ ငှက်ပျောခြောက်မျိုးစုံလည်းထုတ်ပါတယ်။ ငှက်‌ပျောအစိမ်းကြော်၊ အမှ့ည်ကြော်၊ ဖီးကြမ်းကြော်ဆိုပြီးလည်း ထုတ်ပါတယ်။ ဖိလစ်ပိုင်က မျိုးယူကာ ဧရာဝတီတိုင်း ကျုံပျော်မှာ စိုက်ပျိုးထုတ်လုပ်ပြီးတော့ အအေးခန်းနဲ့ နိုင်ငံခြားကို ပထမဆုံးငှက်ပျောသီး တင်ပို့ခဲ့တာပါ။ ကုန်စည်ပို့ဆောင်တဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ သွားလာရေးဟာလည်း အရေးကြီးပါတယ်။ ကွန်တိန်နာ ပေ ၄၀ ဖြတ်သန်းဖို့၊ ၅ တန်အထက် ဖြတ်သန်းနိုင်ဖို့အတွက် ကွေ့ပတ်ပြီး သယ်ဆောင်ရတာတွေလည်းရှိတယ်။ ငှက်ပျောခြံဘေးမှာပဲ အအေးခန်းထားရှိတာဖြစ်တဲ့အတွက် လျှပ်စစ်အခက်အခဲလည်းရှိနေပါတယ်။ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်ငန်းရှင်နဲ့ ဌာနဆိုင်ရာ တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ လိုပါတယ်။ လက်တွေ့လုပ်ဆောင်နေတဲ့ တောင်သူတွေ၊ လုပ်ငန်းရှင်တွေနဲ့ အခုလိုတွေ့ဆုံဖို့ တကယ်လိုပါတယ်။ ဒါမှသာ လိုအပ်ချက်ကို တင်ပြဆွေးနွေးလို့ရမှာပါ။ စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံမှာ မြေယာများစွာရှိနေတဲ့အတွက် တောင်သူတွေအနေနဲ့ စီးပွားဖြစ်လုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်သင့်တယ်။

စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားကို ငှက်ပျောသီးတင်ပို့တဲ့ အခါမှာလည်း ကုန်စည်စီးဆင်းမှု မြန်ဆန်အောင်၊ ဈေးကွက်ပိုမိုခိုင်မာအောင် စီမံဆောင်ရွက်မှုနဲ့အတူ အရည်အသွေးကောင်းတဲ့ ကုန်ကို တင်ပို့နိုင်ခြင်းဟာ နိုင်ငံရဲ့ MSME လုပ်ငန်းတွေ ပိုမိုအောင်မြင်တိုးတက်လာမယ့် လမ်းစတွေလည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲကို လုပ်ဆောင်ပေးတဲ့အတွက် ပြည်သူသိသွားပြီ၊ ပြည်ပသိအောင် ဆက်လက်လုပ်ဆောင်ဖို့လည်း လိုပါတယ်။ အခုလို ကျင်းပပေးတဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

တွေ့ဆုံမေးမြန်း - ညိမ်းသူ
(သတင်းစဉ်)၊ ဓာတ်ပုံ - ရဲထွဋ်