နေပြည်တော်     ဧပြီ     ၂၅

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို  ယနေ့နံနက် နာရီတွင် အဆိုပါဝန်ကြီးဌာနရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ 

 

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ယခုလို သဘာဝဘေးအန္တရာယ်ကို မမျှော်လင့်ဘဲ ကြုံတွေ့ရသည့်အချိန်တွင် ကြုံတွေ့ရသည့်အခက်အခဲများကို သင်ခန်းစာယူပြီး ကြံ့ကြံ့ခံနိုင် ရန်နှင့် ကျော်လွှားနိုင်ရန်၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်၊ ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် မိဘ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေဆုံးရှုံးမှုများကြုံရပြီး ဝမ်းနည်းပူဆွေး စရာများဖြစ်ရသော်လည်း  ခံနိုင်ရည်မကျသွားရန် ပြောကြားလိုကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် သဘာဝ ဘေးအန္တရာယ် (ငလျင်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေး) မျိုးစုံကြုံတွေ့နေရကြောင်း၊ ယခုမြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ငလျင်ဒဏ်ကို အုပ်ချုပ်ရေးမြို့တော် အပါအဝင် ဒေသအများအပြားတွင် ခံစားရသည့် အတွက်  နိုင်ငံတော်အနေဖြင့် ကူညီကယ်ဆယ်ထောက်ပံ့ရေးကိစ္စရပ်များကို ဆောင်ရွက်နေသကဲ့သို့ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်းများ နေထိုင်စားသောက်ရေးကိစ္စရပ်များကို အစွမ်းကုန် ဆောင်ရွက်ပေးနေကြောင်း၊  ယခုဆိုလျှင် ငလျင်လှုပ်ခတ်ပြီး တစ်လခန့်ရှိပြီ ဖြစ်၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများနှင့် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် လုပ်ငန်းများပုံမှန်ပြန်လည်ဆောင်ရွက်ရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဝန်ထမ်းများ၏ လတ်တလောကြုံတွေ့နေရဆဲ အခက်အခဲများရှိက တင်ပြနိုင်ရန်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် တင်ပြကြရန်နှင့် အတတ်နိုင်ဆုံး စုပေါင်းဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ဦးစီးဌာနအလိုက် ဝန်ထမ်းများက ၎င်းတို့၏ လိုအပ်ချက်များကို တင်ပြကြရာ  တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးကဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး နိဂုံးချုပ် စကားပြောကြားကာ  တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)