နေပြည်တော် ဧပြီ ၂၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေး လမ်းပိုင်း)ရှိ ပန်းတင်မီနီ တိုးလ်ဂိတ်၊ ပေပင်လေးမီနီတိုးဂိတ်နှင့် သီးကုန်းတိုးလ်ဂိတ်တို့မှ နေ့စဉ်လမ်းအသုံးပြုခ ကောက်ခံနေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေး လိုအပ်သည်များကို မှာကြားသည်၊
ထို့နောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (မိတ္ထီလာ-တောင်ကြီး လမ်းပိုင်း) ကျွဲတပ်ဆုံရှိ BOT စနစ်ဖြင့်လမ်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီ ရှင်းလင်းဆောင်သို့ရောက်ရှိရာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက မိတ္ထီလာ-တောင်ကြီးလမ်းပိုင်း လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လမ်းပျက်စီးမှုများအား ပြုပြင်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲစေရေး၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးနှင့် ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ တာချီလိတ်လမ်း(မိတ္ထီလာ-တောင်ကြီး လမ်းပိုင်း) မိုင်တိုင်အမှတ် ၃၈/၃ မှ ၃၈/၄ ကြား လမ်းအနိမ့် အမြင့်ညှိ ကတ္တရာရေပိတ်လွှာ လောင်းနေမှုကို လည်းကောင်း၊ မိုင်တိုင်အမှတ် ၄၂/၃ မှ ၄၂/၄ ကြား ကွန်ကရစ်ခင်းနေမှုကိုလည်းကောင်း၊ မိုင်တိုင်အမှတ် ၄၄/၅ မှ ၄၄/၆ ကြား ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ မိုင်တိုင်အမှတ် ၄၇/၂ မှ ၄၇/၃ ကြား မြစ်ဆုံကွေ့တွင် ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြိုကျမှုမရှိ စေရေးနှင့် ယာဉ်များသွားလာရာတွင် အန္တရာယ်ကင်းရှင်း စေရေးအတွက် မြေထိန်းနံရံနှင့် Guard wall တည်ဆောက် နေမှုကို လည်းကောင်း၊ မိုင်တိုင်အမှတ် ၅၂/၂ မှ ၅၂/၃ ကြား ကတ္တရာကွန်ကရစ် ခင်းနေမှုကို လည်းကောင်း၊ မိုင်တိုင်အမှတ် ၆၅/၇ မှ ၆၆/၀ ကြား System Terramesh ဖြင့် မြေထိန်းနံရံ တည်ဆောက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ကြီးခရိုင် အေးသာယာမြို့အနီးမှ တောင်လေးလုံးကျေးရွာအနီး (မိုင်တိုင်အမှတ် ၁၀၂/၂ နှင့် ၁၀၂/၃ ကြား)သို့ ရွှေ့ပြောင်းတည်ဆောက်ထားသည့် BOT စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံလျက်ရှိသော တိုးလ်ဂိတ်နေရာအသစ်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။
(သတင်းစဉ်)