ဒုတိယဝန်ကြီး ဦးဝင်းဖေ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၂၂

 

ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် Oriental Highway Company Limited မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ပျဉ်းမနား - ကျောက်ချက်လမ်းဆုံ မိုင် (၂၂၂/၀) ရှိ ဆင်သေချောင်းတံတား ကြံ့ခိုင်မှုနှင့် ယာဉ်သွားလာမှုများကို ကြည့်ရှုစစ်ဆေးပြီး လမ်းကျဉ်းနေရာများတွင် (၄၈) ပေအကျယ် ကတ္တရာလမ်း တိုးချဲ့နိုင်ရေးဆောင်ရွက်ရန်၊ လမ်းသတ်မှတ် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဖယ်ရှားဆောင်ရွက်ရန်၊ B.O.T Company အနေဖြင့် တံတား တိုးချဲ့ဆောင်ရွက်ရာတွင် လိုအပ်ပါက တံတားဦးစီးဌာနမှ ဒီဇိုင်းပုံစံများ ပံ့ပိုးကူညီရန်မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနား - ရမည်းသင်းလမ်းပိုင်း မိုင် (၂၂၂/၀) မှ (၂၂၈/ဝ) ကြား လမ်းဗဟိုမှ (၂၄) ပေ လမ်းနယ်အတွင်း လမ်းနှင့်မလွတ်ကင်းသော သစ်ပင်၊ မီးတိုင်များအား စာရင်းပြုစု တင်ပြရန်၊ လမ်းပြုပြင်နေသည့် နေရာများတွင် ယာဉ်မတော်တဆမှုများ မရှိစေရေးအတွက် သတိပေးဆိုင်းဘုတ်များ၊ လမ်းညွှန်အမှတ်အသားများ ထားရှိရန် မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ဥတ္တရခရိုင်၊ သိုက်ချောင်းလမ်းဆုံမှ ချင်းတွင်းလမ်းဆုံအထိ ပုဗ္ဗသီရိမြို့ပတ်လမ်းနှင့် (သိုက်ချောင်းတံတား) ကို ကြည့်ရှုစစ်ဆေး၍ Oriental Highway Company လမ်းစခန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက B.0.T ဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်း / စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ လိုလားချက်၊ ပြည်သူများ၏ လိုလားချက်များကို အလေးထား ဂရုပြုဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များရှိပါက ဝန်ကြီးဌာနမှ ပံ့ပိုးမှုများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကာ လုပ်ငန်းအောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

 

 

mdn

 

ယင်းနောက် နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရေတာရှည် - ပျဉ်းမနား - တပ်ကုန်းလမ်းပိုင်း မိုင် (၂၄၅/၇-၂၄၆/၀) ရှိ (အဆုံတံတား) ကြံ့ခိုင်မှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိ မြို့နယ်ရှိ နေပြည်တော် - တပ်ကုန်း (အမှတ်-၂လမ်း) ဖိုးဇောင်းတောင်ကြောအတိုင်း လမ်းပြုပြင်ရန် လိုအပ်သည့်နေရာများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လျာထားလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏခရိုင်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်း လမ်းအူကြောင်းတလျှောက် မြေသားတာဘောင်တင်သည့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ လမ်းနယ်နိမိတ် သတ်မှတ်မှု၊ လမ်းလယ်ကျွန်းနှင့် ကျောက်စီရေမြောင်းများ ဆောင်ရွက်မည့် စီမံချက်များကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်