နေပြည်တော် မတ် ၂၀

ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ တာဝန်ရှိသူများနှင့်အတူ   ယနေ့ နံနက်ပိုင်းတွင်  မော်လမြိုင်မြို့ ရွှေနတ်တောင် အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့ သွားရောက်၍ စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။   
ယင်းနောက်  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ  အောင်မြင်စွာကျင်းပနိုင်ရေး အလေးထားဆောင်ရွက် ကြရန်မှာကြားသည်။ 
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့နယ် အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် မော်လမြိုင်တက္ကသိုလ်နှင့်မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ အဆောက်အဦးတည်ဆောက်နေမှုများ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးမြောက်ရေး၊ သင်ကြားရေးနှင့် စီမံရေးရာကိစ္စရပ်များ အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျောင်းပြင်ပညာရေးကဏ္ဍ၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၏ နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မော်လမြိုင် အထက (၂) လှိုင် စာသင်ဝိုင်း၊ အမက (၆) ဇေယျာသီရိစာသင်ဝိုင်းများသို့ သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်