ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ရေရရှိရေး ဆောင်ရွက်ထားမှု စစ်ဆေးပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ

တောင်ကြီး မတ် ၃

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့က အေးသာယာမြို့ရှိ  ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ ရေရရှိရေးအတွက် ဆောင်ရွက်ထားမှုကို သွားရောက်စစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာမြို့ သစ်ပင်ထောင်ရေထွက်တွင် ရေစုကန်နှင့် နေရောင်ခြည်သုံး လျှပ်စစ်ဓါတ်အားစနစ်ရရှိ‌နိုင်ရေး ဆောင်ရွက်နေမှု၊ ရေထွက်မှရေများ စင်တာသို့ ပေးပို့နိုင်ရေး ဆောင်ရွက်နေမှုနှင့် ရေရရှိသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဆိုင်ကယ်စက်ပြင်သင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်းတက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများ၏ နေထိုင်စားသောက်မှု အခြေအနေများကို ကြည့်ရှုပြီး သင်တန်းသား၊ သင်တန်းသူများအား လိုအပ်ချက်များကို မေးမြန်းကာ ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အား‌ပေးစကားပြောကြားသည်။

၄-၃-၂၀၂၄ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ယနေ့တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံ့ ဝန်ထမ်းများပီပီ သက်မွေးသင်တန်းစင်တာတွင် သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ သင်တန်းဆင်းပြီး မိမိနေထိုင်ရာဒေသများတွင် သက်မွေးပညာဖြင့် ပြန်လည်အသုံးချနိုင်မှု အခြေအနေများကို ဆက်လက် သုတေသနပြုနိုင်ရေး၊ လူ၊ ပစ္စည်း၊ သတင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ရေး၊ သင်တန်းစင်တာ ရေရှည်တည်တံ့နိုင်ရေးအတွက် ထိန်းသိမ်းဆောင်ရွက်‌ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှာကြားသည်။

ထို့နောက် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသား အခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းစင်တာတွင် ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်