နေပြည်တော် မတ် ၂၀
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအ‌ဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပသည်။ 
ဉီးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်က အစည်းအဝေးသည် အာဆီယံဒေသတွင်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်ဟူသည့် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (ACDM) ၏ ကတိကဝတ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အာဆီယံသည် လွန်ခဲ့သော ဆယ်စုနှစ်လွန်ကာလများက နိုင်ငံရေးနှင့် စီးပွားရေးကို အလေးထားဆောင်ရွက်ရာမှ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍကိုပါ အလေးပေး ဆောင်ရွက်လာကာ အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM) ကို ဖွဲ့စည်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ် (AADMER) ကို အတည်ပြုပြဌာန်းခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) တည်ထောင်ခဲ့ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း။ 
အာဆီယံဒေသတွင်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် ASEAN Emergency Response and Assessment Team (ASEAN-ERAT) ကို မွေးထုတ်နိုင်ခြင်း၊ Disaster Emergency Logistics System for ASEAN (DELSA) Phase IV Project ကို အကောင်အထည်ဖော်၍ ကယ်ဆယ်ရေးပစ္စည်းများကို အသင့်သိုလှောင်ထားရှိခြင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အရေးပါသော စာတမ်းများရေးဆွဲ/ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်‌ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် အသီးသီးပြဋ္ဌာန်းခဲ့ပါကြောင်း၊ ACDM အနေဖြင့် ASEAN Agreement on Disaster Management and Emergency Response (AADMER) Work Programme ကို အသစ်ပြန်လည်ရေးဆွဲနေပြီ ဖြစ်သောကြာင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ခေတ်နှင့်အညီ ဆန်းသစ်ထိရောက်သည့် အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်း အရင်းအမြစ်များအရ အမှန်တကယ်အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းအစီအစဉ်များကို ထည့်သွင်းရေးဆွဲနိုင်ရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ 
ထို့နောက် (၉) ကြိမ်မြောက် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအ‌ဝေးများကို ဆက်လက်ကျင်းပကြရာ အစည်းအဝေးသို့ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် အိမ်ရှင်မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံ၊ လုပ်ငန်းအဖွဲ့အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်းဒါရုစလမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာအကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အင်ဒိုနီးရှားနိုင်ငံနှင့် လေ့လာသူအဖြစ် တီမောလက်စတေနိုင်ငံတို့က Online ဖြင့်တက်ရောက်ခဲ့ကြကြောင်းနှင့် အစည်းအဝေးများကို နှစ်ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်