ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မုန်တိုင်းမိုးများကြောင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသည့် နွေနှမ်းနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၂၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်  ယမန်နေ့  ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးပြီးဖြစ်သည့် နွေနှမ်းနှင့် အခြားသီးနှံများ မိုးကြိုရာသီတွင်ဖြစ်ပေါ်တတ်သော မုန်တိုင်းမိုးနှင့် ရာသီဥတုပြောင်းလဲ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဒေသခံတောင်သူများ၊ ရေအသုံးချသူများ အဖွဲ့(WUG) နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်ခြင်း၊ စိုက်ခင်းများအတွင်း စိမ့်မြောင်းပတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာတွင် ဘောင်ကြီးတင်စနစ်ကို အသုံးပြု၍ စိုက်ပျိုးထားသော နှမ်းသီးနှံစိုက်စနစ်(၄)မျိုး စမ်းသပ်စိုက်ပျိုးခြင်း စံပြကွက်ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် အေးမြင့်သာယာကျေးရွာ နေရောင်ပြအင်းဘုရားအနီး ယာယီရေထိန်းဆည်ရေသောက် ဧရိယာအတွင်း စိုက်ပျိုးထားရှိသော နွေနှမ်းစိုက်ခင်း၊  ဇေယျာသီရိမြို့နယ် သပြေပင်ကျေးရွာ ရေဆင်း ဆည်သောက်ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများကို ထိခိုက်စေနိုင်သည့် ရေအိုင်ခြင်း ရေဝပ်ခြင်း မဖြစ်ပေါ်စေရန် ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်မှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့အတူ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အေလာယာယီရေထိန်းဆည် ရေသောက်ဧရိယာအတွင်း ရေနုတ်မြောင်း ရှင်းလင်းတူးဖော်နေမှုနှင့် ကူသပိတ်ကျေးရွာ မဒန်းဆည် ရေသောက် ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများတွင် ရေမဝပ်စေရန် ရေနုတ်မြောင်း တူးဖော်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နွေနှမ်း သီးနှံများ စိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ်သေချာ၍ အထွက်နှုန်းကောင်းမွန်သော ဘောင်ကြီးတင် စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မိုးကြိုရာသီတွင်ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းမိုးများကြောင့် နွေနှမ်းနှင့် အခြားသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် တောင်သူများသို့ ကြိုတင်အသိပေး ဆောင်ရွက် ရန်၊ တောင်သူအချင်းချင်း ဆင့်ပွားအသိပေးနှိုးဆော်သွားကြရန်၊ ရေအသုံးချသူများအဖွဲ့(WUG)နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ထပ်ဆင့်အသိပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ဆောင်ရွက်ထားသည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ တင်ပြ သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)