ရန်ကုန် ဧပြီ ၂၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရွှေတိဂုံစေတီတော် အလှည့်ကျသဘာပတိ ဦးသောင်းစိန်ဦးနှင့်် ဂေါပကအဖွဲ့ဝင်များက စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးပြီးဖြစ်၍ ငြမ်းဖျက်သိမ်းမှုအခြေအနေနှင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးသည် ရွှေတိဂုံစေတီတော် ငြမ်းဖျက်သိမ်းမှု၊ စေတီတော် အနောက်ဘက်စောင်းတန်းရှိ သွပ်ပန်းတဉ်းများဖြင့် ပြုလုပ်ထားသော မြန်မာမှုပန်းဆွဲလက်ရာများအား ကျွန်းသစ်ဖြင့်ပြုလုပ်ထားသော မြန်မာမှုလက်ရာများဖြင့် ပြောင်းလဲတပ်ဆင် နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ပြဒါးရှင်ဘုရားအနီးရှိ လဟာပြင်တန်ဆောင်းအတွင်း ရွှေသင်္ကန်းရောင်မှိန် နေသော ဗုဒ္ဓရုပ်ပွားတော်များနှင့် မျက်နှာကျက်များ ပြန်လည်ပြုပြင်မွမ်းမံနေမှု အခြေအနေများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။
ယမန်နေ့မွန်းလွဲပိုင်းကလည်း ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကကျောင်းဆောင် ဘုရားခန်းမ၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ ဒုတိယအဖွဲ့ခွဲ ဆရာတော်များကို သွားရောက်ဖူးမြော်ကြည်ညို၍ ဩဝါဒခံယူသည်။
ဒုတိယဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ရပ်ဆိုင်းခဲ့ရသော အစိုးရဓမ္မာစရိယ နှင့်ပါဠိ ပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပရေး၊ ငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ပျက်စီးဆုံးရှုံးခဲ့သော ဘုရားစေတီ၊ ဘုန်းတော်ကြီး ကျောင်း၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ထားဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း များဆောင်ရွက်ရာတွင် ငလျင်ဒဏ် Richter Scale 8 ဒသမ 00 အထိခံနိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားမည့် အခြေအနေများ၊ သမဏသာရုပ္ပမဖြစ်သော ဖြစ်စဉ်များကြောင့် ပြစ်ဒဏ်ကျခံရပြီး သင်္ကန်းပြန်လည်ဝတ်ရုံခွင့်တောင်းခံခြင်းကိစ္စများနှင့် ပတ်သက် ၍ ရှင်းလင်းလျှောက်ထား သြဝါဒခံယူသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများက လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးမိန့်ကြားရာတွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို သက်ဆိုင်ရာစည်းမျဉ်းများနှင့်အညီ ကျန်ရှိဘာသာရပ်များအတွက် ပြန်လည် ကျင်းပပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် ဇွန်လပထမပတ်အတွင်း စာမေးပွဲများကျင်းပနိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊ စေတီပုထိုးနှင့်် သာသနိက အဆောက်အအုံများ ဆောက်လုပ်ရာတွင် Richter Scale 8 ဒသမ 00 ခံနိုင်ရေးအတွက် သက်ဆိုင်ရာပညာရှင် များနှင့်ညှိနှိုင်း၍ မူဝါဒချမှတ်ထုတ်ပြန်ပေးရန်နှင့် ရဟန်းသာမဏေများအနေဖြင့် သမဏသာရုပ္ပမဖြစ်သော ဖြစ်စဉ်များကြောင့် ပြစ်ဒဏ်ကျခံရပြီး သင်္ကန်းပြန်လည် ဝတ်ရုံခွင့်တောင်းခံရာတွင် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်သွားရန်တို့ကို မိန့်ကြားရာ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်း လျှောက်ထား၍ သြဝါဒခံယူပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)