ရန်ကုန် စက်တင်ဘာ ၁၄
တန်ခိုးကြီး စေတီပုထိုးများ၏ သတင်းအချက်အလက် အကြောင်းအရာ The Pagoda Digital Directory ပြုလုပ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဂေါပကအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက " ရွှေတိဂုံစေတီတော် အပါအဝင် မဟာမုနိ ရုပ်ရှင်တော်မြတ်၊ ရွှေစည်းခုံစေတီတော်၊ အာနန္တာဘုရား၊ ကျိုက်ထီးရိုးစေတီတော်၊ ဥပ္ပါတသန္တိ စေတီတော်၊ မြသလွန်ဘုရား၊ ရွှေဆံတော်ဘုရားနှင့် ရှစ်သောင်းဘုရား စသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုး(၉)ဆူ၏ သတင်းအချက်အလက် အကြောင်းအရာများကို Digitalize အဖြစ် ဦးစွာပြုလုပ်ဆောင်ရွက်မည့် ကိစ္စကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များမှ နယ်ပယ်အလိုက် ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ အိုင်တီနည်းပညာရှင်များဖြင့် စုဖွဲ့၍ လုပ်ငန်းကော်မတီ၊ ဆက်ကော်မတီများဖွဲ့စည်းကာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားရန်၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဘုရားစေတီများ၏ ခေတ်အဆက်ဆက် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ၊ လမ်းညွှန်မြေပုံများ၊ မြန်မာ့အနုပညာ လက်ရာများကို ပန်းဆယ်မျိုးဖြင့် ထုဆစ်လှူဒါန်းပူဇော်ထားရှိမှုများကို ပြည်စုံစွာ ထည့်သွင်း ရေးဆွဲဆောင်ရွက်နိုင်ရေး၊ လူငယ်လူရွယ်များ အလွယ်တကူ လေ့လာမှတ်ယူနိုင်မည့် ဗုဒ္ဓဒေသနာတော် အဆုံးအမများပါရှိရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးကျော်ဇေယျက The Pagoda Digital Directory မူကြမ်းဆောင်ရွက်မှု၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးသိန်းထွဋ်မောင်က ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများ၊ နည်းပညာအကြံပေး ကုမ္ပဏီက The Pagoda Digital Directory ဆောင်ရွက်မှုနှင့်ပတ်သက်၍ အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက် အင်းလျားမြိုင်လမ်းရှိ တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် အလယ်တောရစံပြစာသင်တိုက်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ခုနှစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းမှုဖြင့် ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး RC ၄ ထပ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ အရည်အသွေး ကောင်းမွန်ရေး၊ သက်မှတ် စံချိန်စံညွန်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


