နေပြည်တော် ဧပြီ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ရေထွက်ကုန်လုပ်ငန်းများဖြစ်သည့် ရတနာသိင်္ဂီ အအေးခန်းစက်ရုံ ၊ Golden Boy Limited၊ ကြို့ကုန်း ငါးပုစွန် အအေးခန်း၊ မြင့်မြတ်ဟိန်း ကုမ္ပဏီလိမီတက်တို့၏ ပြည်ပပို့ကုန် ငါး၊ ပုစွန် အေးခဲလုပ်ငန်းများနှင့် ရေထွက်ပစ္စည်း ကုန်ချောထုတ်လုပ်မှု လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန၏ ဂြိုလ်တုနည်းပညာ အသုံးပြု ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိမ်းချုပ်ရေး ဌာနခွဲ (ရန်ကုန်) သို့ ရောက်ရှိပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ငါးဖမ်းရေယာဉ် စောင့်ကြည့် ထိမ်းချုပ်ရေးဌာနခွဲအနေဖြင့် ငါးဖမ်းရေယာဉ်များ သတ်မှတ် ငါးဖမ်းကွက်ကျော်လွန်ခြင်း၊ ကမ်းနီးရေပြင် (၁၀) မိုင်အတွင်း ဝင်ရောက်ခြင်း၊ တားမြစ်ဧရိယာအတွင်း ဝင်ရောက်ခြင်း၊ Silent Vessel များအတွက် စစ်ဆေးခြင်း၊ ဆိပ်ကမ်းတွင် ရပ်နားထားစဉ် Silent ဖြစ်ပေါ်လာပါက (၄) နာရီအတွင်း တည်နေရာ အချက်အလက်ပေးပို့ စေရေးဆောင်ရွက်ခြင်း၊ (၄) နာရီထက် ကျော်လွန်၍ တည်နေရာ သတင်းပေးပို့ခြင်း မရှိပါက (၁၂) နာရီအတွင်း တည်နေရာ အချိက်အဆက် သတင်းပေးပို့ ဆောက်ရွက်ခြင်း၊ ပင်လယ်ပြင်တွင် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း Silent ဖြစ်ပေါ် လာပါက (၄) နာရီအတွင်း တည်နေရာ သတင်းအချက်အလက် ပေးပို့ရေး ဆောင်ရွက်ခြင်း၊ (၄) နာရီထက်ကျော်လွန်၍ Silent ဖြစ်ပေါ်နေပါက VMS Control Center နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနထံ အကြောင်းကြားချိန်မှစ၍ (၄၈) နာရီအတွင်း နီးစပ်ရာ စစ်ဆေးရေးစခန်း (သို့မဟုတ်) သတ်မှတ်ပေးထားသည့် နေရာသို့ ဝင်ရောက်စစ်ဆေးမှု ခံယူစေခြင်း၊ ပြုပြင်စေခြင်းတို့ကို ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး ဓာတ်ခွဲခန်းသို့ ရောက်ရှိကြပြီး မြေဆီလွှာဓာတ်ခွဲခြင်း၊ စိုက်ပျိုးရေ ဓာတ်ခွဲ ခြင်း၊ အပင်အစိတ်အပိုင်း ဓာတ်ခွဲခြင်း ၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာနှင့် ဇီဝမြေသြဇာ ဓာတ်ခွဲဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသအလိုက် မြေသယံဇာတ အရင်းအမြစ်၊ ရာသီဥတုတို့နှင့် လိုက်လျောညီထွေသည့် သီးနှံပုံစံများ ထုတ်ပြန်ပေးရန် လိုအပ်ချက်များ၊ သီးနှံအလိုက် မြေဆီအဟာရ လိုအပ်ချက်များ တောင်သူ့လက်ဝယ်အရောက် အသိပညာပေးရေးနှင့် ရေတိုရေရှည် အကျိုးရှိစေမည့် မြေဆီလွှာဖွံ့ဖြိုးရေး နည်းပညာများ ဖြန့်ဝေပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


