ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နေပြည်တော်ကောင်စီနယ်မြေ၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ မေ ၂၄

 

ပြည်တွင်းစားသုံးမှုပိုလျှံပြီး ပြည်ပပို့ကုန်တိုးတက်စေရေးအတွက် အသားငါးကဏ္ဍ တိုးမြှင့်ရေး ကူညီအားပေး ဆောင်ရွက်ရာ၌ ငွေကြေးအရင်းအနှီး၊ မျိုး၊ သွင်းအားစုနှင့် နည်းပညာများအပြင်  စျေးကွက်သေချာမှု ရှိစေရေးကိုပါ ထည့်သွင်းစီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ မေ ၂၂ ရက်က နေပြည်တော်၊ ပြည်ထောင်စု နယ်မြေ တပ်ကုန်းမြို့၊ ရွှေမြို့မွေးမြူရေးဇုန်၌ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။

 

မြေဧက(၂၇၀)ကျော်ရှိ ရွှေမြို့ မွေးမြူရေးဇုန်တွင် ပုဂ္ဂလိကလုပ်ငန်းရှင် (၅)ဦးတို့က ဆိတ်၊ ဒေသနွားနှင့် နို့စားနွားများ မွေးမြူထားရှိပြီး တိရစ္ဆာန်အစာစိုက်ခင်းများပါဝင်ကာ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် GAHP နှင့်အညီ မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

အလားတူ ဇေယျာသီရိမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ရေးဆင်းငါးလုပ်ငန်းစခန်း၏ နည်းပညာပြန့်ပွားရေးနှင့် ငါးမျိုးများ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဒေသရာသီဥတု  ဈေးကွက် လိုအပ်ချက်တို့နှင့် လိုက်လျောညီထွေဖြစ်စေမည့် ငါးမျိုးများ ဖြန့်ဖြူးပေးရန်၊ ဆည်တမံများနှင့် သဘာဝ မြစ်ချောင်းများတွင် ငါးမျိုးစိုက်ထည့်ရန်၊ ငါးမျိုးများထုတ်လုပ်ခြင်းနှင့် ငါးသားပေါက် ဖြန့်ဖြူးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေ၊ စိုက်ပျိုးရေနှင့် ဒေသသောက်သုံးရေ ပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေအသုံးချသူအဖွဲ့ (WUG)အားတွေ့ဆုံ၍ တမံကြံ့ခိုင်ရေး၊ ရေဆင်းရေလှောင် တမံအတွင်းသို့ ရေကူဖြည့်တင်းပေးနိုင်မည့်နည်းလမ်းများ ရှာဖွေဆောင်ရွက်နိုင်ရေး စူးစမ်းလေ့လာ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ မိုးစပါး၊ နွေစပါးနှင့် သီးထပ်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ရေအလေ အလွင့်မရှိ ဖြန့်ဝေပေးနိုင်ရေးနှင့် တစ်ဧကချင်း၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)