ဒုတိယဝန်ကြီး ဒေါက်အောင်ကြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေသြဇာ စက်ရုံသို့ ရောက်ရှိပြီး နွားမွေးမြူရေးနှင့် သဘာဝမြေသြဇာ ထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးရာ ခြံတာဝန်ခံက ဒေသနွားနှင့် နို့စားနွားမွေးမြူရေးဆောင်ရွက်နေမှု၊ နွားစာမြက် (နေဗီယာ) စိုက်ပျိုးထားရှိမှုနှင့် သဘာဝမြေသြဇာ ထုတ်လုပ်မှုများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးကာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ပုဂ္ဂလိက လုပ်ငန်းများအောင်မြင် တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ချောင်းမငယ် ဆည်ရေသောက်စနစ်ရှိ (၂၀၂၃-၂၀၂၄) ခုနှစ် နွေစပါးအထူးအထွက်တိုး စံပြကွက်သို့ ရောက်ရှိပြီး တောင်သူဦးတင်ငွေ၏ နှံကောက်ထွန်း (၃) ဧက စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများအတွက် သဘာဝမြေသြဇာများပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ထွက်ရှိလာသည့် သီးနှံများ ဈေးကောင်းရရှိနေမှု၊ သွင်းအားစုစရိတ် လျှော့ချနိုင်ရေးနှင့် တစ်ဧကချင်း၏ ထုတ်လုပ်မှု တိုးတက်ရေးအတွက် နည်းပညာများ စနစ်တကျ လိုက်နာအသုံးပြု ဆောင်ရွက်ရန်၊ ဆည်ရေများ အလေအလွင့်မရှိ စနစ်တကျ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ရာသီအလိုက် စိုက်ပျိုးမည့် သီးနှံပုံစံရေးဆွဲရာ၌ သီးနှံ၏သက်တမ်းနှင့် ရေလိုအပ်ချက်ကို တွက်ချက်၍ ရေသွင်းစနစ်များ ချိန်ညှိဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှားကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းက မွေးမြူထားသည့် ဘရာမင်နွားနှင့် ဒေသနွား မွေးမြူထားရှိမှု၊ အင်းသာကျေးရွာရှိ ရာဇာနိုင် အသားတိုးကြက်မွေးမြူရေးခြံ၌ အသားစား ကြက်ကောင်ရေ (၁၆၃,၅၀၀) မွေးမြူထားရှိမှုနှင့် ကျည်တောင်ကန်ကျေးရွာရှိ ကျည်တောင် ဝက်မွေးမြူရေးခြံ တွင် C.P Co.,Ltdနှင့် ကျေးရွာတို့ပူးပေါင်း၍ အဆင့်မြင့် မွေးမြူရေးခြံ (၈) ခြံ၌ C.P အသားတိုးဝက် မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်နှင့် မွေးမြူရေးထွက်ကုန်များကို စားသုံးသူပြည်သူများ သင့်တင့်သောစျေးနှုန်းဖြင့် စားသုံးနိုင်ရေးအလေးထားဆောင်ရွက်ရန်၊ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ကွက်ငယ် မွေးမြူရေးတောင်သူများကို နည်းပညာပေးခြင်း၊ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်း၊ အစာ ကျွေးမွေးမှု၊ အဟာရပြည်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ်ရေး ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်