နေပြည်တော် မတ် ၂၂

 

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ စုပေါင်း သန့်ရှင်းရေး လုပ်အားပေးကြသည်။

 

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးနေမှုကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ သောင်းလှိုင်နှင့် ဆေးရုံတာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းအင်အား ၁၀၁၀ တို့နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအင်အား၂၀၀ စုစုပေါင်းအင်အား ၁၂၁၀ တို့က ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခြင်း၊ ဆေးကုသဆောင်နှင့် အဆောက်အအုံများပေါ်ရှိ အမှိုက်များ၊ သစ်ရွက်ခြောက်များ ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အအုံများဘေး ထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီးများ အမြင်တင့်တယ်စေရေး၊ လေဝင်/လေထွက် ကောင်းမွန်စေရေးနှင့် အလင်းပွင့်စေရေးအတွက် ခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြပြီး စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်