ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျား -

 

၂၀၁၈ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယမှာ နိုင်ငံသူနိုင်ငံသားများ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ နေထိုင်နိုင်ကြပါစေကြောင်းနဲ့ နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းသာယာပြီး ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ယနေ့စတင်တဲ့ ၂၀၁၈ ခုနှစ်မှာ မိဘပြည်သူများရဲ့ လူမှုစီးပွားဘဝများ တိုးတက် ကောင်းမွန်မြင့်မားစေရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့ ငြိမ်းချမ်းမှု တည်ဆောက်နိုင်ရေးတို့အတွက် မိမိတို့ နိုင်ငံသူနိုင်ငံသားအား လုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်နဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်း ကျော်လွန်ဖြတ်သန်းကြရမှာဖြစ်ပါတယ်။

နှစ်ဟောင်းက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး နှစ်သစ်ရဲ့ စိန်ခေါ်မှုတွေကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ဖို့ အဲဒီကဆက်ပြီး ရလဒ်ကောင်းတွေရရှိနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်နှင့်တကွ နိုင်ငံသူနိုင်ငံသားများ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုဟူသမျှမှာ ပြည်သူပါမှ အောင်မြင်မှုရမှာ ဖြစ်တဲ့အတွက် တစ်ခဲနက်သော အင်အားများနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်း ကောင်းကျိုးလိုရာဆန္ဒအဝဝတို့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။