ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၄ ဇွန်

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

2553

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာများ၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား စီးပွားရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ 

ထို့ပြင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား နယ်စပ်စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ ချောမွေ့စေရေးအတွက် ဘဏ္ဍာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ၊ လျှပ်စစ်၊ သတ္တု၊ နည်းပညာ၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
သတင်းစဉ်