ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မူလတောင်သူများထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ ပေးအပ်ပွဲ အခမ်းအနားများသို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ၁၅  မတ်

 

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို  ကော်မတီကော်မတီ ဥက္ကဋ္ဌ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင်  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ခန်းမ၌ ကျင်းပသည့် စဉ့်ကူးမြို့နယ် နှင့် မတ္တရာမြို့နယ်တို့အတွင်းမှ ပြန်လည် စွန့်လွှတ်သည့်မြေ များအား မူလ တောင်သူများထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြုလက်မှတ်ပုံစံ(၇) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကား ပြောကြားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်  အခြားမြေများသိမ်းဆည်း ခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ အတွင်းရေးမှူးက စဉ့်ကူးမြို့နယ်နှင့် မတ္တရာ မြို့နယ်တို့ အတွင်းမှ မူလ တောင်သူများထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) များ ပေးအပ်နိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် ဒုတိယသမ္မတက စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာ မူလ တောင်သူများကိုယ်စား တောင်သူဦးစောအောင်ထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များကို ပေးအပ်သည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊  တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာစိုးသန်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပေါခင်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း တို့က စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ကျေးရွာအုပ်စုနှင့် ညောင်ဝန်းကျေးရွာ၊ မတ္တရာမြို့နယ် ရေနံ့သာ ကျေးရွာ အုပ်စုတို့မှ မူလ တောင်သူများကိုယ်စား တောင်သူ ကိုယ်စားလှယ်များထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များကို ပေးအပ်သည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ မြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်စုပေါင်းခန်းမ၌ ကျင်းပသည့် ကန့်ဘလူခရိုင် အတွင်းမှ ပြန်လည်စွန့်လွှတ် မြေများအား မူလ တောင်သူများသို့ ယာယီလယ်ယာမြေ လုပ်ပိုင်ခွင့် ပြုလက်မှတ် (ပုံစံ-၃)ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။

 

ရှေးဦးစွာ ဒုတိယသမ္မတ အမှာစကားပြောကြားပြီး  စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ပြန်လည်စွန့်လွှတ်မြေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဒုတိယ သမ္မတက မူလတောင်သူ (၆၆)ဦး ကိုယ်စား တောင်သူ ဦးလှသွင်၊ တောင်သူ ဦးဝင်းရှောင်နှင့် တောင်သူဦးတင်စိုးတို့ထံ ယာယီလယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၃)များကို ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း တို့က မူလတောင်သူ (၁၆၂)ဦးကိုယ်စား တောင်သူ ကိုယ်စားလှယ်များထံ ယာယီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၃) ကို ပေးအပ်ကြသည်။

 

အခမ်းအနားများတွင် ဒုတိယသမ္မတက သိမ်းဆည်းခံ လယ်ယာမြေများ၊ အခြား မြေများကို မူလပိုင်ရှင် ပြည်သူများ လက်ဝယ်ကိ်ု ပေးအပ်နိုင်ရန်အတွက် နိုင်ငံတော် အနေဖြင့်မူဝါဒများ၊ လမ်းညွှန်ချက်များ ချမှတ်ပြီး ဆောင်ရွက်နေကြာင်း၊ မြေယာကိစ္စ သည် ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်း အထောက် အထားနှင့် ဥပဒေကြောင်းအရ ညီညွတ်မှုစသည့် အချက်များနှင့် စိစစ် ဆောင်ရွက်ရသည့်အတွက် ကိုင်တွယ်ဖြေရှင်းရာ တွင်သေချာရန် အချိန်ယူရကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသည့် အတိုင်း ကရုဏာနှင့် ယှဉ်ပြီး တရားမျှတမှု ရရှိအောင် အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း။

 

လယ်သမားများအတွက် လယ်ယာမြေသည် အသက်သွေးကြောဖြစ်ကြောင်း၊ မိမိတို့စိုက်ပျိုးရေး နိုင်ငံ အတွက် လယ်သမားများသည်လည်း အသက်သွေးကြောပင် ဖြစ်ကြောင်း၊ သို့ဖြစ်၍ လယ်သမားများ အတွက် အသက်တမျှ အရေးကြီးလှသည့် လယ်ယာမြေများ ပြန်လည်ရရှိရန်  မိမိတို့အစိုးရအနေဖြင့် ဦးစားပေးအထူး တာဝန် တစ်ရပ်အနေဖြင့် သတ်မှတ်ပြီး ဆောင်ရွက်နေပါကြောင်း။

 

အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းမြေယာများထဲက အသုံးမပြုတော့သည့် မြေယာများကို ပြန်လည် စွန့်လွှတ်ရာတွင် မူလပိုင်ရှင်များထံ မြန်မြန်ရောက်လျှင် မြန်မြန် အကျိုးရှိမည်ဖြစ်သည့် အတွက် စိုက်ပျိုးရာသီအမှီ အမြန်ပြန်လည် လွှဲပြောင်းပေး အပ်နိုင်ရေးအတွက် မိမိတို့အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး လွယ်ကူလျှင်မြန် မှုရှိစေမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်ကာ စနစ်တကျ စိစစ်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း။

 

ယခုကဲ့သို့ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လယ်မဲ့၊ ယာမဲ့ဖြင့်အလုပ်အကိုင်အခွင့် အလမ်းမရှိသည့်အတွက် ကျေးလက်ဒေသကို စွန့်ခွာသွားမှုများ၊ မြို့ကြီးပြကြီးများသို့ မိသားစု လိုက်ရွှေ့ပြောင်း ကျူးကျော် နေထိုင်မှုများ၊ ပြည်ပနိုင်ငံများသို့ ဆင်းရဲဒုက္ခခံပြီး နည်းလမ်းမျိုးစုံဖြင့် သွားရောက်လုပ်ကိုင်နေမှုများ၊ ခေတ်ပညာတတ်လုပ်ငန်း ကျွမ်းကျင် မှုရှိသော လူ့စွမ်းအား အရင်းအမြစ်များ ပြည်ပသို့ ထွက်ခွာ ဆုံးရှုံးနေမှုများ တဖြည်းဖြည်း လျော့ကျလာမည်ဖြစ်ကြောင်း၊

 

ယခုကဲ့သို့ မူလပိုင်ရှင် တောင်သူလယ်သမားများထံ မှန်မှန်ကန်ကန်နှင့် မြန်မြန် ဆန်ဆန်လွှဲပြောင်း ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့က အရာထမ်း၊ အမှုထမ်းများအနေဖြင့် မြေယာဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ စေတနာထား လုပ်ကိုင်ကြရန် လိုအပ်သကဲ့သို့ တောင်သူများ အနေဖြင့်လည်း လုပ်ငန်းစဉ် မြန်ဆန်မှန်ကန်စေရေး ပူးပေါင်းပါဝင်ရန် အထူးလိုအပ်ကြောင်း၊

 

မြေယာပြဿနာများကို လျင်လျင်မြန်မြန် ဖြေရှင်းနိုင်ရန် ဗဟိုကော်မတီအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အဆောတလျင် ဦးစားပေးဖြေရှင်း ပေးရမည့် သိမ်းဆည်းမြေ ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးလျက်ရှိကြောင်း။

လယ်ယာမြေများသည် ဘိုးဘွားပိုင် အမွေအနှစ် အစစ်ဖြစ်သည့်အတွက် သားစဉ် မြေးဆက် အမွေဆက်ခံခွင့် ရရှိထားသည်ကို တန်ဖိုးထားပြီး စားနပ်ရိက္ခာ ဖူလုံမှုရရှိ အောင် စိုက်ပျိုးလုပ်ကိုင် သွားကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ယနေ့ ကျင်းပသည့် အခမ်းအနားများတွင် အမှတ် (၁၂၁) ထောက်ပံ့နှင့်ပို့ ဆောင်ရေးတပ်ရင်း စွန့်လွှတ်မြေမှ  စဉ့်ကူးမြို့နယ် မူလတောင်သူ (၂၂၅)ဦးအား မြေဧရိ ယာ (၁၂၆၉ဒသမ၃)ဧက၊ မတ္တရာမြို့နယ် အနာကြီးဆေးရုံ (ရေနံ့သာ) စွန့်လွတ်မြေမှ မူလတောင်သူ (၂၃)ဦးအား မြေဧရိယာ (၁၄၀ ဒသမ ၅၁) ဧကတို့ကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ကုမ္ပဏီလုပ်ပိုင်ခွင့်ရ စွန့်လွှတ်မြေမှ ကန့်ဘလူ ခရိုင်အတွင်း မူလ တောင်သူ(၂၂၈)ဦးထံ လယ်ယာမြေ (၃၇၉၂ဒသမ၆၄) ဧကအတွက် ယာယီလယ်ယာ မြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၃) များကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတနှင့် အဖွဲ့သည် ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ် ရေလှောင်တမံသို့ ရောက်ရှိပြီး ဆည်ရေထုတ်ပေါက်များ ထိန်းချုပ်ခန်း၊ ရေထုတ်ပေါက်များမှဆည် ရေထုတ်လွှတ်နေမှု၊ ဆည်ရေဝင်ရောက်မှု နှင့် ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ တို့အတွင်း လိုက်လံကြည့်ရှုကြသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က သဖန်းဆိပ် ရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ နှစ်စဉ် မိုးရေချိန် လက်မနှင့် ရေဝင်ရောက်မှု၊ နှစ်အလိုက်မိုးစပါး  နွေစပါး စိုက်ပျိုးရေပေးဝေမှု၊ နှစ်အလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုနှင့် ပတ်ဝန်းကျင်၌ ဆက်စပ်ဆည်များ တည်ရှိနေမှုတို့ကို  ရှင်းလင်း တင်ပြရာ ဒုတိယသ မ္မတက စိုက်ပျိုးရေး အတွက် များစွာ အကျိုးပြုနေသည့် သဖန်းဆိပ်ဆည်ကို နှုန်းပို့ချမှု နည်းစေရန် ဆည်အထက်၌ ရွှေတူးဖော်ရေး လုပ်ငန်းများကို ကြီးကြပ်ဆောင် ရွက်သွားရန် မှာကြားသည်။

 

အဆိုပါ သဖန်းဆိပ် ရေလှောင်တမံကို ၁၉၉၆ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀ဝ၁ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ ရေလှောင်တမံမှာအမြင့် ၁၀၈ ပေ၊ အလျား ၂၂၅၈ပေ၊ ကန်ရေပြည့် ရေလှောင် ပမာဏမှာ၂၇၉၄၀ဝ ဧကပေရှိပြီး စိုက်ပျိုးမြေဧက (၇၅၀ဝ၀ဝ)ကျော်ကို စိုက်ပျိုးရေပေးဝေ နိုင်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မုံရွာမြို့ သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် ကနီမြို့ရှိ တောင်ပျော် တွင်းနှင့် တွင်းမတောင်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တွင်းမတောင်၌ စစ်ကိုင်းဇွန်ဆေးဝါးနှင့် စာသောက်ကုန် ထုတ်လုပ်ရေး လီမီတက်မှ စိမ်းပြာရေညှိ ထုတ်လုပ်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းနဘေး တစ်လျှောက် ကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် ကျောက်စီမြေထိန်းနံရံ လုပ်ငန်းဆောင်ရွက် နေမှုကို  ကြည့်ရှု စစ်ဆေးသည်။

 

 (သတင်းစဉ်)