ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြား

နေပြည်တော် ၂၆ ဖေဖော်ဝါရီ 

 

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့အစည်းအဝေးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ (၁၇)ရက်က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၁၉)ဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ၏ ပထမဆုံးအကြိမ်အစည်းအဝေး ဖြစ်ပါကြောင်း၊ ယခင်က ဗဟိုကော်မတီဖွဲ့စည်းပုံတွင် ပုဂ္ဂလိကကဏ္ဍမှခရီးသွားလုပ်ငန်း ကိုယ်စားပြုအဖွဲ့ဝင်နှင့် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းကိုယ်စားပြုအဖွဲ့ဝင် စုစုပေါင်း (၂)ဦးသာ ပါရှိခဲ့ပါကြောင်း၊ ယခုဗဟိုကော်မတီသစ်တွင် တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက လုပ်ငန်းကိုယ်စားလှယ် စုစုပေါင်း(၆)ဦး ထည့်သွင်းဖွဲ့စည်းထားပါကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ အတွေ့အကြုံများနှင့် အကြံဉာဏ်များကို ရယူနိုင်မည်ဖြစ်ပြီး ယခင်ကထက် ပိုမိုပြီးလက်တွေ့ဆန်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးကို အထောက်အကူပြုမည်ဟု မျှော်လင့်ပါကြောင်း။

 

ထို့ပြင် ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အသီးသီးတွင်လည်း အလားတူတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းမည်ဖြစ်သည့်အတွက် လုပ်ငန်းရပ်များကို ပိုမိုပွင့်လင်းမြင်သာမှုရှိစွာဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြမည် ဖြစ်ပါကြောင်း။


၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး (၂၅)နှစ်ခန့်ကျင့်သုံးခဲ့သည့် ဥပဒေအဟောင်းသည် ထိုအချိန်ကာလ၏ အခြေအနေတောင်းဆိုမှုအရ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို အစိုးရအဖွဲ့ကသာ စီမံခန့်ခွဲဆောင်ရွက်နေရာမှ ပုဂ္ဂလိကကဏ္ဍကို လုပ်ငန်းလုပ်ကိုင်ခွင့်များ ခွင့်ပြုရန်ဆိုသည့် အဓိကဦးတည်ချက်ဖြင့် ရေးဆွဲခဲ့သည့်ဥပဒေဖြစ်ပါကြောင်း၊ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်း အခြေအနေနှင့် Decentralization  စနစ်အရပြည်ထောင်စု၏ စီမံခန့်ခွဲမှုကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို Power Sharing အရ ခွဲဝေစီမံခန့်ခွဲမှုပြုနိုင်ရန် အဓိကဦးတည်ပြီး ယခုဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါကြောင်း။

 

ယခုဥပဒေအသစ်တွင် မူဝါဒများနှင့် စီမံကိန်းလုပ်ငန်းလမ်းညွှန်ချက်များ ညှိနှိုင်းချမှတ်ရန် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကိုလည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ခရီးသွားလုပ်ငန်းကော်မတီကိုလည်းကောင်း၊ ယခင်ကဝန်ကြီးဌာနကသာ တာဝန်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရန် ဒေသအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ အစိုးရဌာနများ၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် ဒေသအလိုက်ခရီးသည်များ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကိုလည်းကောင်း ကော်မတီ(၃)ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန်ပါရှိပါကြောင်း။

 

ထို့ကြောင့် ယင်းဥပဒေသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကထက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိလာစေမည်ဖြစ်ပြီး မိမိတို့ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များအနေဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍကို ယခင်ကထက်ပိုပြီး ထဲထဲဝင်ဝင်သိရှိကာ မိမိလုပ်ငန်းနယ်ပယ်နှင့် မိမိဒေသအလိုက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥစ္စာရင်လိုဥစ္စာရင်ခဲ ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပါကြောင်း။

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်မှုများအား ကြီးကြပ်ကွပ်ကဲစီမံခန့်ခွဲသည့် ကိစ္စရပ်များကို ခွဲဝေပေးလိုက်သော်လည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၏ အရည်အသွေးအဆင့်အတန်းများကို နိုင်ငံတကာအဆင့်မီအောင် လိုအပ်သည့် စံနှုန်းများ၊ လုပ်ငန်းလိုအပ် ချက်များချမှတ်ရေး၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီချမှတ်နိုင်ရေး၊ မြန်မာနိုင်ငံခရီးစဉ်ဒေသကို ကမ္ဘာပေါ်တွင် ပိုမိုထင်ရှား ပေါ်လွင်သိရှိအောင် မြှင့်တင်ခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းစသည်တို့ကို ပိုမိုအလေးထားလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ သတိပေးလိုသည်မှာ ယခုဥပဒေအသစ်အရ လုပ်ငန်းများကိုလွှဲပြောင်းပေးနေသည့် ကနဦးကာလနှင့် နည်းဥပဒေ၊ အမိန့်များရေးဆွဲထုတ်ပြန်ရန် ဆောင်ရွက်နေသည့် ကာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသကော်မတီများက လုံးလုံးလျားလျား မဆောင်ရွက်နိုင်သေးသည့် ကာလအတွင်းလိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

 

ယနေ့ အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွားကော်မတီများက လျင်မြန်စွာ တာဝန်ယူဆောင်ရွက်နိုင်ရေးကို ဦးတည်ပြီးလိုအပ်သည့် အမိန့်များ၊ နည်းဥပဒေများ၊ ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် တင်ပြကြမည်ဟုသိရပါကြောင်း၊ ထို့ကြောင့် အသစ်ပြဋ္ဌာန်း လိုက်သည့် ဥပဒေမူဘောင်နှင့်အညီ ဆက်လက်ဦးစားပေး ဆောင်ရွက်ကြမည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးထား ဆွေးနွေးကြစေလိုပါကြောင်း။

 

မြန်မာနိုင်ငံသည် အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက ခရီးသွားအရင်းအမြစ် အလွန်ပေါများသော်လည်း အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် အရေအတွက်သည် မျှော်မှန်းထားသည့် အရေအတွက်ထက် နည်းပါးနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ပိုမိုရောက်ရှိရန်အတွက် Look East မူဝါဒချမှတ်ပြီး အာဆီယံနှင့် ဆွေးနွေးဖက်အာရှနိုင်ငံများမှ ခရီးသည်များပိုမိုဖိတ်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ဗီဇာဖြေလျှော့ပေးသည့် အစီအစဉ်များကို စမ်းသပ်ဆောင်ရွက်ခဲ့ပါကြောင်း။

 

ကနဦးအနေဖြင့် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဟောင်ကောင်နှင့် မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ခရီးသွားဧည့်သည်များကို ဗီဇာကင်းလွတ်ခွင့် (Visa Exemption)နှင့် လေကြောင်းမှ လာရောက်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည်များကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ခွင့်ပြုပေးခြင်းကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ယင်းအစီအစဉ်သည် အထောက်အပံ့တစ်ခုဖြစ်ခဲ့ပြီး ယင်းနိုင်ငံများက ခရီးသည်များ တိုးတက်လာရောက်ခဲ့ကာ စာရင်းဇယားများအရ ၂၀၁၈ ခုနှစ်တွင် တစ်နှစ်လုံးအနေဖြင့် ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၃ ဒသမ ၅၅ သန်းဝင်ရောက်ခဲ့ပါကြောင်း၊ ယခင်၂၀၁၇ ခုနှစ်က ဝင်ရောက်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ၃ ဒသမ ၄၄ သန်းနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၁၅ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ ထိုသို့ ဆက်လက်ပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် ခရီးသည်များ ပိုမိုလာရောက်ရေးအတွက် လိုအပ်သည့် နည်းဗျူဟာများ ရှာကြံတွေးဆ ချမှတ်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

 

ယနေ့အချိန်အခါတွင် ဆောင်ရွက်နေဆဲဖြစ်သည့် Tourism Resources များကွဲပြား ခြားနားစွာရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူလူထု ပါဝင်ဆောင်ရွက်နိုင်သည့် Community Based Tourism ကဲ့သို့သော ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ခြင်း၊ ထင်ရှားကျော်စောပြီးသည့် ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့် ခရီးစဉ်ဒေသအသစ်များ ရှာဖွေဖော်ထုတ်မြှင့်တင်ခြင်း၊ ခရီးသွားလုပ်ငန်းများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖိတ်ခေါ်ခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ရိုးရာပွဲတော်များ ရှာဖွေဖော်ထုတ်ပြီး တစ်နှစ်တာလုံးလည်ပတ်နိုင်သည့် ခရီးစဉ်အဖြစ် စီစဉ်ဆောင်ရွက်ခြင်း၊ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆောင်ရွက်နေကြသည့် ခေတ်နှင့်အညီ နည်းပညာသုံးစွဲပြီး ထိရောက်သည့် ဈေးကွက်မြှင့်တင်ရေး နည်းဗျူဟာများကို ချမှတ်အကောင်အထည်ဖော်ခြင်း၊ အစိုးရနှင့်ပုဂ္ဂလိက၏ ပူးပေါင်းဆောင်ရွက် မှုပိုမိုမြှင့်တင်ခြင်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေအသစ်ပြဋ္ဌာန်းပြီးဖြစ်၍ နည်းဥပဒေဆက်လက်ရေးဆွဲဆောင်ရွက်နေမှု၊ Infrastructure များဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ တည်းခိုနေထိုင်မှု အဆင့်အတန်းမြင့်မားရေး၊ လုပ်ငန်းလိုင်စင်များ လွယ်ကူအဆင်ပြေစွာခွင့်ပြုရေး၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီး မပျောက်ပျက်စေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ရိုးရာအစားအသောက်များ မြှင့်တင်ကြော်ငြာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးကိစ္စရပ်များ အလေးထား ဆောင်ရွက်ရေးကို ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးက ဗဟိုကော်မတီ၏ (၁/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုအခြေအနေ၊ ကော်မတီများ ဖွဲ့စည်းခွင့်နှင့် အမိန့်ထုတ်ပြန်ချက်များကို ဗဟိုကော်မတီသို့တင်ပြပြီး အတည်ပြုချက် ရယူသည်။

 

ယင်းနောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေနှင့် ဒေါက်တာမြင့်ထွေးတို့က ကမ္ဘာ့လှည့်ခရီးသွားများ၏ လုံခြုံရေးဆောင်ရွက်ပေးနေမှု၊ ခရီးစဉ်ဒေသများသို့ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းနိုင်ရေး၊ ဗီဇာခွင့်ပြုပေးနေမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဝင်/ထွက်ပေါက် ဖွင့်လှစ်ဆောင်ရွက်နေမှု၊ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များ အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ နယ်စပ်ဝင်/ထွက်ပေါက်များမှ ဗီဇာကင်းလွတ်ခွင့်နှင့် အပြန်အလှန် ဝင်ရောက်ခွင့်ပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှု၊ ဗီဇာစစ်ဆေးရေးကိစ္စများကို ဖြေလျှော့ဆောင်ရွက်သွားမည့် အစီအစဉ်၊ ကမ္ဘာ့လှည့်ခရီးသွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုနှင့် ဝန်ကြီးဌာနအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

ယင်းနောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ခရီးစဉ်ဒေသများ ထိန်းသိမ်းထားရှိမှုနှင့် လာရောက်လေ့လာမှု၊ ခရီးသွားများ ပိုမိုစိတ်ဝင်စားမှု ရှိလာစေရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ ခရီးစဉ်လေ့လာစရာနေရာများ ဖော်ထုတ်ဆောင်ရွက်နေမှု၊ ဖြေလျှော့ပေးရမည့် ကိစ္စရပ်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယသမ္မတက သုံးသပ်ဆွေးနွေးရာ ပြည်ထောင်စု၏ စီမံခန့်ခွဲမှုကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို Power Sharing အရခွဲဝေစီမံခန့်ခွဲမှုပြုနိုင်ရန် အဓိကဦးတည်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေသစ်ကိုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းဥပဒေကို လက်တွေ့ကျင့်သုံးပြီး အကျိုးရှိအောင် အကောင်အထည်ဖော်သွားရန် လိုအပ်ပါကြောင်း။

 

မိမိတို့နိ်ုင်ငံတွင်ရှိပြီးသား ခရီးသွားလုပ်ငန်းအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိရှိ သုံးစွဲနိုင်ရန်မှာလည်း အရေးကြီးပါကြောင်း၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းများအား လုံးပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အားလုံးတက်ညီလက်ညီ ကြိုးစားဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် မျှော်လင့်ထားသည့်အတိုင်း အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan ကိုလည်း စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)