ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၁၇ ခုနှစ် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ၁၃  မတ်

 

၂၀၁၇ ခုနှစ် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနအမှတ် (၂) ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတက ယခုနှစ်အတွက် ကမ္ဘာ့ရေနေ့၏ အထူးပြု အကြောင်းအရာ မှာ စွန့်ပစ်ပြုန်းတီးနေသည့် ရေ (Wastewater) ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် ကမ္ဘာ့ရေနေ့ အကြောင်းအရာဖြစ်သည့် Wastewater မှတစ်ဆင့် စွန့်ပစ်ရေကို ပြန်လည် Recycle ပြုလုပ် သုံးစွဲကြရန်နှင့် ရေအလဟဿဆုံးရှုံးမှုကို လျှော့ချရန်အတွက် ရေနှင့်ဆက်နွယ်သည့် Stakeholders များအားလုံး အထူးအလေးထား ဆောင်ရွက်ကြ စေလိုပါကြောင်း။

 

အနာဂတ်တွင်လည်း ရေအရင်းအမြစ်များ ဆက်လက်တည်ရှိစေရေးနှင့် ရေအရည်အသွေးများ လုံခြုံစိတ်ချမှုရှိစေရေးအတွက် ရေအရင်းအမြစ်များကို ကာကွယ်စောင့် ရှောက်ရန်နှင့် စနစ် တကျစီမံခန့်ခွဲရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုစနစ်ကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး ရေကိုအကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာရန် မျှော်မှန်းထားကာ တွန်းအားပေး ဆောက်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း။

 

နိုင်ငံတော်၏ ရေအရင်းအမြစ်အားလုံးကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန်အတွက် အဓိကကျသည့် မြစ်များနှင့်မြစ်ဝှမ်းများကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပါကြောင်း၊ လိုအပ်နေသည့် ရုပ်ပိုင်း ဆိုင်ရာ အခြေခံအဆောက်အအုံများ၊ အဖွဲ့အစည်းများ ပြုပြင် တည်ဆောက်မှုနှင့်အတူ ရေနှင့် ဆက်နွယ်သောဌာန၊ အဖွဲ့အစည်းများရှိ ဝန်ထမ်းများ၊ ပတ်သက်ဆက်နွယ်သူ များကိုလည်း စွမ်းဆောင်မှုအရည်အသွေး မြှင့်တင်ပေးရန် တစ်ပြိုင်တည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်၏ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုကို အထောက်အကူပြုနိုင်ရန် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ကို ဖွဲ့စည်းထားပါကြောင်း၊ ရေပေးဝေမှု၊ မိလ္လာနှင့်ရေသန့်စနစ်၊ တကိုယ်ရေသန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ရေအားလျှပ်စစ်၊ စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသည့်ကဏ္ဍများဖွံ့ဖြိုး တိုးတက်စေရန်နှင့် သဘာဝ ပတ်ဝန်း ကျင်ကို မထိခိုက်စေရန် အစိုးရနှင့် ပြည်သူပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ရေအသုံးပြုသူများအကြား ရေသုံးစွဲမှုနှင့်ပတ်သက်သည့် အသိပညာ၊ ဗဟုသုတနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးတိုင်ပင်မှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

ရေပိုမိုသိုလှောင်ခြင်းဆိုသည့်အချက်သည် ရေပြဿနာများကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းနိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအနှံ့အပြားတွင် ယခုအချိန်က စတင်ပြီး မိုးရေခံစီမံကိန်း (Rain Water Harvesting)လုပ်ငန်းကို ဦးစားပေး လုပ်ငန်း တစ်ခုအနေဖြင့် အားပေး ဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင်ရေပိုမိုသိုလှောင်နိုင်ရန် အခြေခံ အဆောက်အဦး များ ပိုမိုတည်ဆောက်ရေး၊ ရေပြုန်းတီးလေလွင့်မှုလျော့ပါး စေရေးနှင့် ရေချွေတာရေး လှုပ်ရှားမှု များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ရေနှင့်ဆက်နွယ်သည့် သဘာဝ ဘေးအန္တရာယ်များ လျော့ပါးသက်သာစေရန် လိုအပ်သည့်အစီအမံများ၊ ကြိုတင်ပြင်ဆင်မှုများ ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

ရေအရင်းအမြစ်များနှင့်သက်ဆိုင်သည့် စီမံကိန်းအများစုအတွက်လည်း ရေရရှိ နိုင်မှုကိုခန့်မှန်း ရာတွင် မျက်မှောက်ကာလ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ အချက်အလက်များကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက ဝိုင်းဝန်းညှိနှိုင်းပြီး စနစ်တကျ စုစည်းပြုစုသွားကြရန် လိုအပ်ပါ ကြောင်း၊ အနာဂတ်ကာလအတွက် ခန့်မှန်းတွက်ချက်ရာတွင်လည်း သင့်လျော်သည့် ခေတ်မီ နည်းစနစ်များကို ပြောင်းလဲကျင့်သုံးဆောင်ရွက် ကြရန်တိုက်တွန်းပါကြောင်း၊ ထို့ပြင် ရေအသုံးပြုမှုများဆိုင်ရာ အချက်အလက်များစနစ် တကျပြုစုထိန်းသိမ်းသည့် စနစ်တစ်ခုကို ထူထောင်သွားရမည်ဖြစ်ပြီး ရေအရည်အသွေးနှင့် သက်ဆိုင်သည့်ပြဿနာများ ပေါ်ပေါက်လာပါ က သင့်တော်သည့် တုံ့ပြန်မှုများစီစဉ် ဆောင်ရွက်နိုင်ရန် အချိန်နှင့်တပြေးညီ စောင့်ကြည့်ကွပ်က ဲသည့် စနစ်တစ်ခု ပေါ်ပေါက် လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

 

အနာဂတ်ရေဆိုင်ရာ မျှော်မှန်းချက်များအတွက် အမျိုးသားအဆင့်ရေမူဝါဒကို အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ အကြံပေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြုစုနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒနှင့် ကိုက်ညီမည့် ရေဥပဒေပြုစုရေးအတွက်လည်း ဆောင်ရွက်နေပါကြောင်း၊ ကမ္ဘာ့ဘဏ် ချေးငွေဖြင့် မြန်မာ့ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ မိုးလေဝသနှင့်ဇလဗေဒ စောင့်ကြည့်လေ့လာ အကဲခတ်ရေးဆိုင်ရာကိစ္စများနှင့် ဧရာဝတီမြစ်ရေကြောင်း ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

 

ရေကဏ္ဍဆိုင်ရာလုပ်ငန်းများသည် လက်တွေ့တွင် နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုး တက်မှုအတွက် အဓိကကျသော လုပ်ငန်းများဖြစ်သည့်အတွက် မှန်ကန်သည့် အကျိုးရလဒ်များရရှိစေရန် ဝိုင်းဝန်းညှိနှိုင်း အကောင်အထည် ဖော်ဆောင်ရွက်ကြ စေလိုပါကြောင်း၊ ကမ္ဘာပေါ်တွင် ဆင်းရဲမွဲ တေမှု အဆုံးသတ်ရေး၊ ကမ္ဘာမြေအား ကာကွယ်ရေးနှင့် ကမ္ဘာသူ၊ ကမ္ဘာသား အားလုံး ဖူလုံကြွယ်ဝရေးတို့အတွက် ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (Sustainable Development Goals) ကို မြန်မာနိုင်ငံက အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာ အဗ်ဒူ လာရေဆက်က ကမ္ဘာ့ဘဏ်အနေဖြင့် အခြားမိတ်ဖက် အဖွဲ့အစည်းနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ ရေဖူလုံရေး ရည်မှန်းချက်ပန်းတိုင်များပြည့်မီရေး ကူညီပံ့ပိုးပေးသွား မည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး Mr. Wouter Jurgens၊ ဩစတြေးလျနိုင်ငံ ရေမိတ်ဖက်အဖွဲ့အစည်းမှ Mrs. Kaye Schofield နှင့် ဂျပန်ရေဖိုရမ်နှင့် APWF ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ Kotaro Takemura တို့က မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး အမျိုးသား အဆင့်ရေအရင်းအမြစ် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကိုပြသသည်။

 

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနအတွင်း ခင်းကျင်းပြသထားသည့် ရေအရင်းအမြစ် အသုံးချရေးဆိုင်ရာ ပြခန်းများ ကို လှည့်လည်ကြည့်ရှုသည်။

 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဝင်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။

 

နှစ်စဉ်နှစ်တိုင်း မတ်(၂၂)ရက်နေ့ကို ကမ္ဘာ့ရေနေ့အဖြစ်သတ်မှတ်ပြီး ရေချိုရရှိမှု၏ အရေးပါမှုနှင့် ရေချိုအရင်းအမြစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသုံးစွဲနိုင်ရေး အာရုံစိုက်လာအောင် ကမ္ဘာ့ရေနေ့အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံ အများစုတွင် ကျင်းပကြကြောင်း သိရသည်။

 

(သတင်းစဉ်)