ဒုတိယမြို့တော်ဝန် ဦးညီညီ ဒဂုံမြို့သစ်ခရိုင်ဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ ၂၇

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၊အမှတ်(၁၅၂)ရပ်ကွက်၊အမှတ်(၂)လမ်းမကြီးရှိ ရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီး)သို့သွား ရောက်၍ ကျောင်းဝင်းအတွင်း မိုးတွင်းကာလရေကြီး ရေလျှံ မှုမဖြစ်စေရေးအတွက် စက်ယန္တရားကြီးများဖြင့် ရေစုကန်တူးဖော်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများပူးပေါင်းအင်အားဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းအဆောက်အဦများနှင့် မလွတ်ကင်း သည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း၊ အပြင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူ ရှင်းလင်းခြင်း၊ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးမှုတ် ခြင်း၊ ကျောင်းများရှိ ရေစည်၊ ရေကန်များ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ် နေမှုများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန် နှင့် အဖွဲ့သည်  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လေးထောင့်ကန်ကျေးရွာအုပ်စု၊ ထောင်တလုပ်ကျေးရွာနှင့်ကြာနီ ကန်ကျေးရွာတို့ကို ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်ခင်းကျင်းရန်ဆောင်ရွက်နေမှု၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၁၅၅၊၁၅၆ နှင့် ၁၅၇ ရပ်ကွက်တို့ကို ဆက်သွယ် သည့် ရှင်မတောင်လမ်းကို    ကွန်ကရစ်ခင်းကျင်းရန်ဆောင်ရွက်နေမှု၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊အမှတ်(၁၃၃)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အမှတ်(၅)အခြေခံပညာ အထက် တန်းကျောင်း သန့်ရှင်းသာယာလှပစေရေး  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အားဖြင့် သန့်ရှင်းရေး ဆောင်ရွက် နေမှု ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၇)ရပ်ကွက်၊ မဟာဗန္ဓုလ လမ်းကိုကွန်ကရစ် တိုးချဲ့ခင်းကျင်းနေမှုကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်