ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးနှစ်လုံးအား ဂျာမနီ၌ လုံခြုံစိတ်ချစွာ ဖယ်ရှားနိုင်ခဲ့

ဘာလင် ၁၄ ဇန်နဝါရီ

ဂျာမနီနိုင်ငံအနောက်ပိုင်းဒေသရှိ ဒေါ့မွန်မြို့တွင် ဒေသခံနေထိုင်သူဦးရေ ၁၄၀၀၀ အား လုံခြုံစိတ်ချရသည့် နေရာများသို့ ရွှေ့ပြောင်းစေခဲ့ပြီးနောက် ဇန်နဝါရီ ၁၂ ရက်တွင် ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးနှစ်လုံးကို ဖယ်ရှားနိုင်ခဲ့ပြီးဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ဒေါ့မွန်မြို့၏ အလယ်ဗဟိုမှ လူနေထူထပ်သည့် ဒေသလေးခုအတွင်း နစ်မြုပ်နေဖွယ်ရှိသည့် မဟာမိတ် တပ်ဖွဲ့များက ဒုတိယကမ္ဘာစစ်ကာလအတွင်း၌ ကြဲချခဲ့ဖွယ်ရှိသော မပေါက်ကွဲသေးသည့် ဗုံးများအား တူးဖော်မှုများပြုလုပ်မည်ဟု ယင်းမြို့မှ တာဝန်ရှိသူများက ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ယင်းမြို့တွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အလုပ်သမားများက ယင်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအတွင်း မူမမှန်တွေ့ရှိချက်များအား စုံစမ်းထောက်လှမ်းတွေ့ရှိခဲ့ပြီးနောက် မြို့တော် အုပ်ချုပ်ရေးအဖွဲ့၏ တရားဝင် အင်တာနက်စာမျက်နှာ တွစ်တာတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း မပေါက်ကွဲသေးသော အလေးချိန် ၂၅၀ ကီလိုဂရမ် (ပေါင် ၅၅၀)ရှိ ဗုံး နှစ်လုံးကို တွေ့ရှိခဲ့ပြီး ယင်းဗုံးများအား ပေါက်ကွဲမှုမဖြစ်စေရန် ဘေးအန္တရာယ်ကင်းစွာ ပြုလုပ်နိုင်ခဲ့သည်။ ယင်း ဗုံးနှစ်လုံးမှာ အမေရိကန်နှင့် ဗြိတိန်နိုင်ငံလုပ်ဗုံးများဖြစ်ကြသည်။

ယင်းဗုံးများ တွေ့ပြီးနောက်ဒေသတွင်းရှိ ဆေးရုံနှစ်ရုံမှ လူနာများပြောင်းရွှေ့ရေးအတွက် ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းများကို ရပ်ဆိုင်းစေခဲ့ရသည်။

ဂျာမနီနိုင်ငံတွင် ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးများ ရှာဖွေတွေ့ရှိမှုမှာ ဖြစ်တောင့်ဖြစ်ခဲ့ ကိစ္စတစ်ရပ် မဟုတ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ယခုနှစ် စက်တင်ဘာလအတွင်းကလည်း ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့တွင် အလေးချိန် ကီလို၂၅၀ရှိ ဗုံးတစ်လုံးကို တွေ့ရှိခဲ့ပြီး ယင်းဗုံး ပေါက်ကွဲမှု မဖြစ်ပေါ်အောင်ပြုလုပ်ကာ လူပေါင်း ၁၅၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ခွာ စေခဲ့ရသည်။

ကိုးကား-အေအက်ဖ်ပီ၊

ဘာသာပြန်-ဇော်ဝင်း