ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကျင်းပ

နေပြည်တော်   ၃၀   သြဂုတ်
 
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
 
 
ယနေ့အစည်းအဝေးတွင် မြို့၊ ကျေးရွာအုပ်စု၊ ကျေးရွာနှင့် ရပ်ကွက်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းတို့ကို မှတ်တမ်းတင်ခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်ကမှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်းတစ်ခု လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊ ပြည်ပချေးငွေနှစ်ခု ရယူရန်ကိစ္စနှင့် အစီရင်ခံစာတစ်ခုအား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။  
 
 
 
ရှေးဦးစွာ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ကျေးရွာအုပ်စု၊ ကျေးရွာနှင့် ရပ်ကွက်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
 
 
 
ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
 
 
 
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း (၉၀ဝ) လျော့နည်းကျဆင်းသွားရခြင်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ မဝင်ရောက်ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ယခင်နှစ်ထက် နည်းပါးခဲ့သော်လည်း နိုင်ငံအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့ သာမက လုပ်ငန်းအရေ အတွက်ပါ တိုးတက်လာသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း။
 
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း၌ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်မှု အခြေအနေကို နှိုင်းယှဉ်ကြည့်လျှင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့က ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ထုတ်ပြန်သည့်စာရင်းအရ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ဂျီဒီပီအချိုးမှာ ၇ ရာခိုင်နှုန်းဖြစ်၍ မြန်မာနိုင်ငံသည် အာဆီယံ (၁၀) နိုင်ငံအနက် စတုတ္ထအဆင့်တွင် ရှိသည်ကို တွေ့ရှိရပါကြောင်း။
 
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အိမ်ရာအဆောက်အဦကဏ္ဍတွင် ငွေကျပ် ၁၅၀၆ ဘီလီယံဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ငွေကျပ် ၅၄၄ ဘီလီယံ ဖြစ်ပါကြောင်း၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ငွေကျပ် ၄၉၇ ဘီလီယံဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု အခြေအနေတွင် ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်းတီးပေး နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်များကို ကာလတိုအတွင်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်အတွက် Star Reformer Award ပေးအပ်ခဲ့ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
 
ယင်းအစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
 
ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော သစ်တောဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါက်တာ ခွန်ဝင်းသောင်းတို့က ဆွေးနွေးကြပြီး တစ်ပိုဒ်ခြင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။
 
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ အဖွဲ့(IFAD)ထံမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
 
ဒုတိယဝန်ကြီး ဦးလှကျော်က ယခုစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးပြီး ဖွံ့ဖြိုးမှုနည်းသည့် ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး မြောက်ပိုင်းတွင်ရှိသည့် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့မှာရှိသည့် အသေးစားနှင့် အလတ်စား စိုက်ပျိုးရေးလုပ်ကိုင်သူများ၊ မွေးမြူထုတ်လုပ်သူများ၊ လယ်ယာလုပ်ငန်း မလုပ်ကိုင် နိုင်သူများနှင့် မြေယာမဲ့ ပြည်သူများအတွက် ဦးတည်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းဒေသရှိ မြို့နယ် ၄ မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၉ သောင်းကျော်နှင့် ကျေးလက်လူဦးရေ ၄ ဒသမ ၃ သိန်းခန့်ကို အကျိုးပြုနိုင်စေရန် မျှော်မှန်းထားပါကြောင်း၊ စီမံကိန်းကာလမှာ လက်မှတ်ရေးထိုးသည့် နေ့မှစ၍ ၆ နှစ်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းရည်ရွယ်ချက်မှာ မိသားစုဝင်ငွေတိုးတက်စေရန်၊ စားနပ်ရိက္ခာဖူလုံစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ အဟာရပြည့်ဝစေရန်နှင့် ရာသီဥတုပြောင်းလဲမှုကို တုန့်ပြန်နိုင်စွမ်းအား ကောင်းလာစေရန်နှင့် လူမှုစီပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်ပါကြောင်း၊ စီမံကိန်းမြို့နယ်များ ရွေးချယ်ရာတွင် ဆင်းရဲနွမ်းပါမှု နှုန်းမြင့်မားပြီး ပထဝီအနေအထားအရ တဆက်စပ်တည်းဖြစ်သည့် မြို့နယ်များကို ရွေးချယ်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြသည်။ 
 
အဆိုပါ ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကိုးရီးယားသမ္မတနိုင်ငံ EXIM Bank of Korea ထံမှ EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်း ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
 
ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင် သင်တန်းကျောင်း မြေဧရိယာ (၅၅၈) ဧကပေါ်တွင် ကိုးရီးယား-မြန်မာ Industrial Complex စီမံကိန်းကို နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေဖြင့် ဆောင်ရွက်မည့် စက်မှုဇုန် ဧရိယာပြင်ပ အခြေခံ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းစီမံကိန်းတွင် ရေရရှိရေးအတွက် ကလီထော် ဆည်မှတဆင့် ရေပိုက်လိုင်း ဆက်သွယ်ခြင်း၊ ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်း၊ လျှပ်စစ်မီးရရှိရေးအတွက် မြောင်းတကာ-ကမာနက် Transmission Line မှတဆင့် ဓါတ်အားလိုင်း ဆက်သွယ်ခြင်း၊ ဓါတ်အားခွဲရုံနှင့် Transformer တည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် ငါးဆူတောင်လမ်းအရှည် ၉ ဒသမ ၄၅ ကီလိုမီတာအား ၄ လမ်းသွား နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတို့ ဆောင်ရွက်မည် ဖြစ်ပါကြောင်း။
 
အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ချေးငွေဆိုင်ရာ စည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ရမည့်ကာလ ၂၅ နှစ် ဖြစ်ပါကြောင်း၊ ချေးငွေသက်တမ်းမှာ နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းမှာ ဝ ဒသမ ဝ၁ ရာခိုင်နှုန်း ဖြစ်ပါကြောင်း   ရှင်းလင်းတင်ပြသည်။
 
အဆိုပါ ချေးငွေ ရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ်(၇/၂၀၁၈) နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရွှေစင်ကြွေးကျန်ပေးသွင်းမှု ထိရောက်စွာ ဆောင်ရွက်ရန်နှင့် စပ်လျဉ်းပြီး ရွှေစင်ပေးသွင်းရမည့် ကုမ္ပဏီများထံမှ ကြွေးကျန်ရွှေစင်များ ရရှိနိုင်အောင် လုပ်ထုံးလုပ်နည်းဖြင့် လည်းကောင်း၊ တရားမကြောင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများအတိုင်း မလိုက်နာသည့် ကမ္ပဏီများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တွင်းဝရတနာခွန်များ ပိုမိုအပ်နှံစေရန်နှင့် တွင်းဝခွန် ပိုမိုတိုးတက်ရရှိရန် ကျောက်စိမ်းတူးဖော်ရေး ဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောက်မျက် ရတနာ သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်းအား လုပ်ကွက်အသစ်များ ထပ်မံချထားမှုမပြုခြင်းနှင့် သက်တမ်းကုန် လုပ်ကွက်များကိုလည်း သက်တမ်းတိုး လုပ်ကိုင်ခွင့်မပြုဘဲ နိုင်ငံတော်ပိုင် လစ်လပ် လုပ်ကွက်များအဖြစ် ထိန်းသိမ်းထားရှိခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ပုလဲများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့ နိုင်ငံပိုင်ပုလဲများ ပိုမိုရရှိအောင် လွှတ်တော်တွင် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း။
 
မြန်မာ့သစ်လုပ်ငန်းပိုင် သစ်စက်များကို စနစ်တကျထုခွဲရောင်းချသွားရန်နှင့် စပ်လျဉ်း၍ ရပ်နားသစ်စက်များအား ဖျက်သိမ်းရန် ပြည်ထောင်စုဝန်ကြီးရုံးမှ မူအားဖြင့် သဘောတူ ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ဖျက်သိမ်းမည့် သစ်စက်များရှိ မြေ၊ အဆောက်အဦ၊ စက်ပစ္စည်းနှင့် အခြားပစ္စည်းများတန်ဖိုးသင့် တွက်ချက်သတ်မှတ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်၍ တန်ဖိုးသင့် တွက်ချက်သတ်မှတ်မှုများ အထက်အဆင့်ဆင့်သို့ တင်ပြ ခွင့်ပြုချက်များရယူပြီး ခွင့်ပြုမိန့်များရရှိပါက စနစ်တကျ ထုခွဲရောင်းချရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်း ဆွေးနွေးတင်ပြသည်။
 
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် Analogue စနစ်မှ DVB-T2 စနစ်သို့ အဆင့်လိုက် ပြောင်းလဲဆောင်ရွက်ခဲ့ရာတွင် မော်ချီးစက်ရုံအတွက် DVB-T2 နှင့် FM လွှင့်စက် များကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဝယ်ယူခဲ့ပါကြောင်း၊ အသစ်တပ်ဆင်မည့် စက်ပစ္စည်များမရောက်ရှိမီ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် မော်ချီးဒေသ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ပါ ကြောင်း၊ မြေပြိုမှုအန္တရာယ် ရှိနေသည့်အတွက် တိုးချဲ့တပ်ဆင်မည့် (50W) DVB-T2 နှင့် (150W) FM တို့ကို တပ်ဆင်ရန် အခက်အခဲ ရှိလာပါကြောင်း၊ ထို့ကြောင့် ကယားပြည်နယ် အစိုးရအဖွဲ့သို့ မြေနေရာရရှိရေး ညှိနှိုင်းခဲ့ပြီး မော်ချီးကျေးရွာအုပ်စု၊ (၁၆)ကုန်းရပ်ကွက်၊ ဆေးရုံဟောင်းအနီး မြေကွက်နေရာကို ရွေးချယ်၍ ကယားပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း။
 
အဆိုပါ မြေနေရာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်သို့ မြေနေရာ စွန့်လွှတ်လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ညှိနှိ်ုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စက်ရုံအသစ် တည်ဆောက်ရေးအတွက် ဘဏ္ဍာငွေလျာထား ဆောင်ရွက်ပြီး စက်ရုံတည်ဆောက်ပြီးပါက သိမ်းဆည်းထားသည့် စက်ပစ္စည်းများ ဆက်လက်တပ်ဆင် ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
 
Forever Group Co.Ltd က နောက်ကျငွေပေးသွင်းခြင်းအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် လစဉ် နှိုးဆော်စာပေးပို့ခြင်း၊ သတိပေးတောင်းခံခြင်း၊ ကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို တွေ့ဆုံပြီး အကြိမ်ကြိမ် သတိပေးဆောင်ရွက်ခြင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ထောက်ညွှန်ချက်များကို အကြောင်းကြားစာပေးပို့ခြင်း၊ ပေးသွင်းရန် ကျန်ငွေကြေးပမာဏ များပြားသည့်အတွက် ကုမ္ပဏီမှ တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံပြီး ပေးသွင်းမည့် အစီအစဉ် ရေးသားတင်ပြစေခြင်း၊ ပေးသွင်းမှု ရှိ၊ မရှိ စောင့်ကြည့်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဌာနအနေဖြင့် ကုမ္ပဏီအပေါ် ငွေပေးသွင်းရေး ကိစ္စများတွင် တိတိကျကျ ဆောင်ရွက် နိုင်ရန်အတွက် မူလစာချုပ်ပါ ငွေကြေးပေးသွင်းမှုနှင့်ဆိုင်သည့် အားနည်းချက် အပိုဒ်အချို့ကို ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
 
ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းနှင့် Global Direct Link Co.Ltd တို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အကျိုးတူ(Joint Venture) အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် ဖက်စပ်သဘောတူ စာချုပ်အပိုဒ်(၁၀-၂) အရ ကနဦး မတည်ရင်းနှီးငွေအဖြစ် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ၅၁ ရာခိုင်နှုန်းနှင့် ညီမျှသော ကျပ်သန်း(၆၅၄၀ ဒသမ ၇)နှင့် Global Direct Link Co.,Ltd မှ ၄၉ ရာခိုင်နှုန်းနှင့် ညီမျှသော ကျပ်သန်း (၆၂၈၄ ဒသမ ၃)တို့ ထည့်ဝင်ရမည်ဖြစ် သော်လည်း ယနေ့အထိ ၃၈ ဒသမ ၄၉ ရာခိုင်နှုန်းနှင့်ညီမျှသော ကျပ်သန်း(၄၈၀၇ ဒသမ ၅၆၅)သာ ထည့်ဝင်ပြီး ၁၁ ဒသမ ၅၁ ရာခိုင်နှုန်းနှင့် ညီမျှသော ကျပ်သန်း (၁၄၇၆ ဒသမ ၇၃၅) ထည့်ဝင်ရန် ကျန်ရှိသဖြင့် သတ်မှတ်ချက်အတိုင်း ဆက်လက်ထည့်ဝင်နိုင်ရေးအတွက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ Global Direct Link Co.Ltd သို့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပြီး အကြောင်းကြားစာများလည်း ပေးပို့ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအသစ် အခန်း ၁၅ ၊ အပိုဒ် ၁၁၅(က)(၁)တွင် “ငွေပေးချေထားခြင်း မရှိသေးသည့် အစုရှယ်ယာ မတည်ငွေရင်း တာဝန်ရှိမှုကို ပယ်ဖျက်နိုင်သည် (သို့မဟုတ်)လျှော့ချနိုင်သည်” ဟု ပြဋ္ဌာန်းချက်အရ ထည့်ဝင်ရန် ကျန်ငွေ ကျပ်သန်း (၁၄၇၆ ဒသမ ၇၃၅)အား ဆက်လက်ထည့်ဝင်ခြင်း မပြုတော့ဘဲ ရှယ်ယာလျှော့ချခြင်း နည်းလမ်းဖြင့် ဆောင်ရွက်လိုကြောင်း တင်ပြ ဆွေးနွေးခဲ့သဖြင့် BOD အစည်းအဝေးမှ သဘောတူဆုံးဖြတ်ထားရှိပြီး ဖြစ်ပါကြောင်း၊ သို့ပါ၍ Global Direct Link Co.,Ltd မှ လက်ရှိ ထည့်ဝင်ထားသည့် အစုရှယ်ယာ ၃၈ ဒသမ ၄၉ ရာခိုင်နှုန်းအပေါ် မူတည်၍ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် ၄၉ ရာခိုင်နှုန်း သတ်မှတ်ချက် အချိုးအတိုင်း ဖြစ်စေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖတ်စပ်စာချုပ်နှင့် မြေငှားစာချုပ်များ ပြင်ဆင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရေလမ်းကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၆- ၂၀၁၇ ဘဏ္ဍာ ရေးနှစ် သီးသန့်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှာ နိုင်ငံတော်အကြီးအကဲ ခရီးစဉ်လမ်းညွှန်ချက်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရတို့၏ တောင်းဆိုချက် များအရ ဖြစ်ပါကြောင်း၊ ကြိုတင်မမျှော်မှန်းနိုင်သည့် အရေးပေါ်ကိစ္စ ရပ်များအတွက် အရအသုံး ခန့်မှန်းခြေစာရင်းတွင် ပါဝင်းခြင်းမရှိဘဲ သီးသန့်ရန်ပုံငွေ ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ အမှန်တကယ် ဆောင်ရွက်ရန်လိုအပ်သော လုပ်ငန်း များကိုသာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက် ရယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
 
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၏ သီးသန့်ရန်ပုံငွေ ၉ ဒသမ ဝ၆ ဘီလီယံဖြင့် လုပ်ငန်း (၁၃) ခုကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကုန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်နီးပါး ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး အပြီးသတ်လုပ်ငန်းများ၏ လုပ်အား ခများအတွက်သာ နှစ်လွန်အသုံးစရိတ် တောင်းခံခဲ့ခြင်းဖြစ်ပါကြောင်း ပြန်လည် ရှင်လင်းသည်။
 
အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တို့မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များလည်း ရှင်းလင်းတင်ပြကြသည်။
 
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၆)ရက် မြောက်နေ့ ကို စက်တင်ဘာ ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 
 
မျိုးမြင့်၊ဟန်လင်းနိုင်(သတင်းစဉ်)