ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး သတ္တမနေ့ ကျင်းပ

နေပြည်တော် ၁၀ နိုဝင်ဘာ 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပါဝင်သော သုံးငွေစိစစ်လျှော့ချမှုအပါအဝင် တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။


ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ထားသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုပေးရန် အဆိုတင်သွင်းသည်။


ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်၏ သဘောထားရယူ၍ ယင်းဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ် ပြင်ဆင်ထားသည့် အတိုင်း အတည်ပြုကြောင်း ကြေညာသည်။


ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေကို ပြည်တွင်းမှ ငွေချေးယူခြင်းဖြင့် ဖြည့်ဆည်းရာတွင် အစိုးရငွေတိုက် လက်မှတ်နှင့် အစိုးရ ငွေတိုက်စာချုပ်များ ရောင်းချခြင်းဖြင့် ဖြည့်ဆည်းလျက်ရှိပါကြောင်း၊ အစိုးရ ငွေတိုက်လက်မှတ်နှင့် အစိုးရငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် ရောင်းချခြင်းဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေချေးယူခြင်းကို တစ်ဖြည်းဖြည်း လျော့ချနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း။


၂၀၁၇ ခုနှစ် မတ်လ စာရင်းပိတ်ချိန်တွင် ပြည်ထောင်စုအစိုးရအပ်ငွေ စာရင်းလိုငွေအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖြည့်ဆည်းပေးခဲ့ရသည့် အခြေအနေအရ မူလအတည်ပြုထားသည့် လျာထားချက် ငွေကျပ် ၁၂၃၆ ဘီလီယံထက် ငွေကျပ် ၅၅၃ ဒသမ ၅၃၄ ဘီလီယံကျော် လွန်ခဲ့ပါကြောင်း။ 


၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ချေးယူငွေအား ပြန်လည် ရွေးနှုတ်ခြင်းမပြုခဲ့ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ အသားတင်ချေးယူရသည့် ပမာဏသည် ငွေကျပ် ၁၂၁၃ ဒသမ ၃ ဘီလီယံသာ ဖြစ်သဖြင့် မူလလျာထားသည့် ပမာဏ ငွေကျပ် ၁၂၃၆ ဘီလီယံထက် ကျော်လွန်မှုမရှိနိုင်သည်ကို တွေ့ရှိရပါကြောင်း။ 


မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ချေးယူရမှုသည် မူလလျာထားသည်ထက် ကျော်လွန်ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ပချေးငွေသည် ငွေကျပ် ၁၂၆၂ ဘီလီယံဖြစ်ပြီး ပြည်တွင်းမှ အမှန်တကယ် အသားတင်ချေးယူငွေသည် ငွေကျပ် ၃၅၅၈ ဘီလီယံဖြစ်သဖြင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အများဆုံး ချေးယူနိုင်သည့် ပမာဏ ငွေကျပ် ၅၀ဝ၀ ဘီလီယံထက် ကျော်လွန်မှု မရှိပါကြောင်းနှင့် လျာထားသည့် အချိုးအစားများသာ ပြောင်းလဲခြင်းဖြစ်ပါကြောင်း။ 


ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေချေးယူမှုကို တစ်နှစ်ထက် တစ်နှစ် လျော့လျသွားရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ရယူထားသည့် ကြွေးဟောင်း တစ်ချို့ တစ်ဝက်ကို ပြန်လည်ရွေးနှုတ်နိုင်ခဲ့သဖြင့် အစိုးရ၏ကြွေးမြီ ဝန်ထုတ်ဝန်ပိုး အထိုက်အလျှောက် သက်သာသွားခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းဖြင့် အသားတင်ဖြည့်ဆည်းမှုသည် မူလလျာထားသည့် ပမာဏထက် ကျော်လွန်မှုမရှိခြင်း၊ စုစုပေါင်း ချေးယူသည့်ပမာဏသည် ပြည်တွင်း၊ ပြည်ပမှ အများသုံးချေးယူခွင့် ပမာဏထက် ကျော်လွန်မှုမရှိခြင်း တို့ကို တွေ့ရှိရ မည်ဖြစ်ကြောင်း။ ထို့ပြင် ၂၀၁၆ -၂၀၁၇ ခု ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ မေခရိုစီးပွား ရေး အခြေအနေအပေါ် အပြုသဘောဆောင်သည့် ရလဒ်များရရှိနိုင်ခဲ့ပါကြောင်း ရှင်းလင်း ပြောကြားသည်။


ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကလည်း လွှတ်တော်သို့ ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုလွှတ်တော်နာယကက ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။


ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံအကြံပြု ဆွေးနွေးကြသည်။


ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း က ၂၁ ရာစုတွင် စီးပွားရေးနှင့်ပတ်သက်၍ အကြီးမားဆုံးစိန်ခေါ်မှုမှာ ဆင်းရဲချမ်းသာ ကွာဟလွန်းခြင်းပင်ဖြစ်ပါကြောင်း ကမ္ဘာပေါ်တွင် ချမ်းသာသောသူများက ပို၍ပင်ချမ်းသာပြီး ဆင်းရဲသောသူများက ပို၍ ဆင်းရဲလေဖြစ်ခဲ့ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ ၂၀၁၄ ခုနှစ် လူသားဖွံ့ဖြိုးရေး အစီရင်ခံစာအရ ၁၈၇ နိုင်ငံအနက် နံပတ် ၁၅၀ တွင်ချိတ်ပြီး LDC စာရင်းတွင် ပါဝင်နေဆဲဖြစ်ပါကြောင်း။


လက်ရှိ ကုလသမဂ္ဂက သတ်မှတ်ထားသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံပေါင်း ၄၈ နိုင်ငံထဲတွင် မြန်မာနိုင်ငံပါဝင် နေသေးသည်ကို သိရှိရပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ပြဿနာ ရှိနေသရွေ့ ရွှေ့ပြောင်းအလုပ်သမားများကိစ္စသည် နောင်လည်း ရှိနေအုံးမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်တွင် အခန်း(၈) ခန်းပါဝင်ကြောင်း။


၂၀၁၅ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ၏ ကိန်းဂဏန်းအရ ကမ္ဘာ့စီးပွားရေး၏ ၄၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးအလုပ်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ် သမားအများစုသည်လည်း စိုက်ပျိုးရေး အလုပ်အကိုင်များကိုသာ အများဆုံးလုပ်ကိုင်ရကြောင်း၊ သမာရိုးကျ မဟုတ်သည့် အလုပ်သမားအများစုသည် ပုံမှန်အလုပ်မျိုးများ မဟုတ်ဘဲ ဆင်းရဲနွမ်းပါးမှုရှိပါကြောင်း၊ လူမှုရေး၊ လုံခြုံရေး၊ စနစ်တကျမဟုတ်သည့် အလုပ်သမားများ၏ အခွင့်အရေးကို ဥပဒေအရ အသိအမှတ်ပြု ရှာဖွေပေး ရမည်ဖြစ်ကြောင်း။


ILO ၏ ၂၀ဝ၅ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် အမျိုးသား၊ အမျိုး သမီး၊ ကလေး လုပ်သား ၁၂ ဒသမ ၃ သန်းခန့် အဓမ္မစေခိုင်းခြင်း ခံနေရသဖြင့် ထောက်ပြထားပါကြောင်း၊ အာဆီယံနိုင်ငံများကို လေ့လာကြည့်သည့်အခါ ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမား အများဆုံးနေထိုင်ပြီး မလေးရှား နိုင်ငံသည် ဒုတိယအများဆုံး နေထိုင်ကြောင်း အချက်အလက် ကိန်းဂဏန်းများအရ သိရှိရပါကြောင်း၊ ယခုကဲ့သို့ ပွင့်လင်းမြင်သာသော ဒီမိုကရေစီ အစိုးရလက်ထက်တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို အထူး အလေးပေးဆောင် ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။


လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ က မြန်မာနိုင်ငံအစိုးရအနေဖြင့် ရွှေ့ပြောင်းလုပ်သား အရေးကို နိုင်ငံတော်၏  အထူးဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် အသိအမှတ်ပြုပြီး ၎င်းတို့၏ အကာအကွယ်ပေးရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း။


မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်သည် ထိုင်း၊ မလေရှား၊ စင်ကာပူ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံများမှာ သွားရောက်လုပ်ကိုင်လျက်ရှိရာ ထိုင်းနိုင်ငံ မဲခေါင်ဒေသတွင် အရေအတွက် အများဆုံးဖြစ်ပါကြောင်း၊ IOM နိုင်ငံတကာ လုပ်သားဆိုင်ရာ အဖွဲ့အစည်း၏ အစီရင်ခံစာအရ ၁ ဒသမ ၄ သန်းရှိသည်ကို တွေ့ရပါကြောင်း။


ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနစာရင်းအရ မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းလုပ်သားများ၏ ၇၆ ရာခိုင်နှုန်းသည် မြန်မာလုပ်သားများဖြစ်ရာ ၃၉ ရာခိုင်နှုန်းသာ တရားဝင်လုပ်သားဖြစ်ပြီး ကျန် ၆၁ ရာခိုင်နှုန်းသည် တရားမဝင် လုပ်သားဖြစ်ကြောင်း၊ တရားဝင်ရွှေ့ပြောင်း လုပ်သားများဖြစ်ရေးအတွက် အဆင့်ဆင့်ပြင်ဆင်ပြုလုပ်ရာတွင် တရားဝင်လိုင်စင်ရ အေဂျင်စီ၏ လိမ်လည်ခြင်း၊ လိုင်စင်မရှိသည့် အေဂျင်စီအတုနှင့် တွေ့ဆုံရ၍ ငွေများဆုံးရှုံးနေကြောင်းနှင့် အဆိုးဆုံးသည် လူကုန်ကူးခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် ခံရခြင်းပင်ဖြစ်ပါကြောင်း ဆွေးနွေးသည်။


ထို့အတူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်း သန်းသန်းလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၊ ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) မှ ဒေါက်တာတင်တင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) မှ ဦးဥက္ကာမင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) ဒေါ်အိအိပြုံး၊ ကချင်ပြည်နယ် မဲဆန္ဒ နယ်အမှတ် (၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း၊ ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်နှင့် ဝါးခယ်မ မဲဆန္ဒနယ်မှ ဦးဇော်သိန်းတို့က အပြုသဘောဆောင်ပြီး ထောက်ခံအကြံပြု ဆွေးနွေးကြသည်။


ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ မြှင့်တင်နိုင်ရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအတွင်း ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့်အညီ သဘောတူညီချက်ပါ သတ်မှတ်ဖော်ပြထား သည့် ကတိကဝတ်များကို ကျင့်ဝတ်အရ လေးစားလိုက်နာနိုင်ရန်အတွက် ရေးဆွဲထားသည့် သဘော တူညီချက်ဖြစ်ပါ ကြောင်း၊ ယင်းသဘောတူညီချက်တွင် လက်မှတ်ရေးထိုးနိုင်ပါက ရွှေ့ပြောင်းအလုပ် သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘော တူညီချက် ထွက်ပေါ်လာမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် စံသတ်မှတ်ချက်တစ်ခု ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း။


ရွှေပြောင်းအလုပ်သမားများ အနေဖြင့်လည်း အာဆီယံဒေသတွင်း ရွှေ့ပြောင်း သွားလာသည့်အခါ အဖွဲ့ဝင်နိုင်ငံများ၏ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အခွင့်အရေးများ၊ ကာကွယ် စောင့်ရှောက်မှုများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးရန် အဆိုတင်သွင်းသည်။


ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်၏ သဘောထားရယူပြီး သဘောတူအတည်ပြုကြောင်း ကြေညာသည်။


(သတင်းစဉ်)