ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၉ နိုဝင်ဘာ 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 


ယနေ့အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက် အစီရင်ခံစာပါ မူ၊ အခြေခံသဘောတရားများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူ၊ အခြေခံသဘော ဆွေးနွေးခြင်းများ အပေါ် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်း ပြောကြားကြသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲ ရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ (၁၂/၂၀၁၇) ၏ စာမျက်နှာ (၁၄)နှင့် (၁၅)ပါ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပတ်သက်သည့် အချက် များအပေါ် ကဏ္ဍအလိုက် တစ်ချက်ချင်း အလေးအနက်ထား လိုက်နာဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းများ အရ ကျေးရွာပေါင်း ၅၇၂၂၈ ရွာရှိပြီး ယင်းကျေးရွာများတွင် လူဦးရေ ၃၅ သန်းခန့် နေထိုင်လျက်ရှိပါကြောင်း၊ လက်ရှိကျေးလက် လမ်းမိုင်ပေါင်း ၅၀၈၇၄ မိုင်ခန့်ရှိပြီး လက်ရှိ အခြေအနေတွင် ကျေးရွာအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့်သာ ရာသီမရွေး လမ်းများရှိ သည့်အတွက် ကျန်ကျေးရွာ ၅၀ ရာခိုင်နှုန်း၊ လူဦးရေအားဖြင့် ၁၄ သန်းကျော် အတွက် ရာသီမရွေး သွားလာနိုင်သော လမ်းများကို အချိန်တိုအတွင်း ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။


လမ်းဦးစီးဌာနက တာဝန်ယူ တည်ဆောက်ပြီး ထိန်းသိမ်းပြုပြင်လျက် ရှိသည့် လမ်းမကြီးများ၏ မိုင်ပေါင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၃၄၇ မိုင်ရှိပြီး နိုင်ငံတော်၏ အဓိက ပြည်ထောင်စု လမ်းမကြီးများ အသက်သွေးကြော လမ်းမကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ချင်းဆက် လမ်းမကြီးများ ဖောက်လုပ်ထိန်းသိမ်း ပြုပြင်ခြင်းများကို တာဝန်ယူ ဆောင်ရွက်နေရသည့်အပြင် အာရှ၊ အာဆီယံလမ်းမကြီးများ၊ အိန္ဒိယ-မြန်မာ-ထိုင်း (၃) နိုင်ငံလမ်းမကြီးများနှင့် မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေးစြင်္ကံ လမ်းမကြီးများ စသည့် နိုင်ငံတကာ လမ်းကွန်ရက်များကိုလည်း နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေရသည့်အတွက် လုပ်ငန်းတာဝန် ကြီးလေးများပြားသည့် ဌာနတစ်ခုဖြစ်ပါကြောင်း။ 


ကျေးလက်လမ်းများ၏ သဘောသဘာဝသည် ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ကို အခြေခံ ကျကျ ဖြည့်ဆည်းနိုင်ရန် ကျေးလက်ဒေသများတွင် ရှိသည့် ကျေးရွာ၊ အိမ်ခြေနှင့် အကျိုးပြုလူဦးရေ စသည့် အချက်အလက် များအပေါ် အခြေခံပြီး ဒေသခံပြည်သူများ၊ ကိုယ်စားလှယ်တော်ကြီးများနှင့် ညှိနှိုင်းပေါင်းစပ်ကာ ကျေးလက် လမ်းကွန်ရက်စနစ်များ ကောင်းမွန်ရေး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့်အတွက် သီးခြားဦးစီးဌာနတစ်ခုအဖြစ် ဖွဲ့စည်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ဝန်ကြီးဌာန၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာ ရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် စီမံကိန်း လုပ်ငန်းများနှင့် လုပ်ငန်း လိုအပ်ချက်များအရ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲနိုင်ရေးအတွက် ကျပ် ၁၂၀ ဒသမ ၇၄ ဘီလီယံကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ စိစစ်ရေးဆွဲပေးပို့ခဲ့ပါကြောင်း။


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် လုပ်ထုံးလုပ် နည်းများနှင့် အညီ စိစစ်ပြီး ကျပ် ၂၂ ဒသမ ၁၅ ဘီလီယံကို စိစစ်လျော့ချ ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၏ စိစစ်ချက်အပေါ် အခြေပြုပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူ အတည်ပြုချက်နှင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ဖြည့်စွက်ရန်ပုံငွေ လိုအပ်ချက် ၉၈ ဒသမ ၅၉ ဘီလီယံ ပါဝင်ခဲ့ပါကြောင်း။


ယင်းပမာဏအပေါ်တွင် ၂၀၁၇ခုနှစ် အောက်တိုဘာ ၂၃ရက်က ပြုလုပ်သည့် ရငွေ၊ သုံးငွေ စိစစ် ပူးပေါင်းရေးအဖွဲ့ ၇ ၏ ညှိနှိုင်း အစည်းအဝေးတွင် ကျပ် ၁၇ ဒသမ ၃၅ ဘီလီယံ စိစစ်လျော့ချခဲ့သဖြင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမှုပမာဏသည် စုစုပေါင်းငွေကျပ် ၈၁ ဒသမ ၂၄ ဘီလီယံ တောင်းခံထားသည့် အခြေအနေ ဖြစ်ပါကြောင်း။


ဂန့်ဂေါမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် ထောက်ပြ ဆွေးနွေးမှုနှင့် စပ်လျဉ်း၍ JICA ODA ချေးငွေ ဂျပန်ယန်း ၁၇ဘီလီယံဖြင့် ဆောင်ရွက် မည့် စီမံကိန်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန အောက်ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အပြင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့၏ အောက်မှာ ရှိသည့်ဌာနများ ပါဝင်သည့် စုစုပေါင်း ဌာန ၃ ခု ပါဝင်သည့် စီမံကိန်းဖြစ်ပါကြောင်း။


၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်၊ BE အတွက် တင်ပြစဉ်က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်မည့် မြို့နယ် ၂၃ မြို့နယ် ရေပေးရေး စီမံကိန်း အတွက် ရရှိသည့် ချေးငွေ ဂျပန်ယန်း ၂ ဒသမ ၅၉၃ ဘီလီယံအနက် မမျှော်မှန်းနိုင်သော အသုံးစရိတ် ဂျပန်ယန်း ၉၅ ဒသမ ၃၂ သန်းကို သုံးစွဲခြင်း မပြုသည့်အတွက် ချန်လှပ်ပြီး ဂျပန်ယန်း ၂ ဒသမ ၄၉၈ ဘီလီယံကို တင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း။


မူလကချန်လှပ်ထားခဲ့သည့် မမျှော်မှန်းနိုင်သော အသုံးစရိတ် ဂျပန်ယန်း ၉၅ ဒသမ ၃၂ သန်းကို ပြန်လည်ထည့်သွင်းပြီး JICA၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ချေးငွေရရှိသည့်ဌာန ၃ခုတို့ ပြန်လည် ညှိနှိုင်းချက်အရ လျှပ်စစ်မှ ရရှိသည့် Contingecy အနက်မှ ဂျပန် ယန်း ၃၀ ဒသမ ၆၈ သန်းကို လွှဲပြောင်းရယူခဲ့ပါကြောင်း၊ ထိုသို့ လွှဲပြောင်းသော်လည်း စုစုပေါင်း စီမံကိန်းတန်ဖိုး ဂျပန်ယန်း ၁၇ ဘီလီယံသည် ပြောင်းလဲခြင်းမရှိဘဲ မူလအတိုင်းသာ ဖြစ်ပါကြောင်း။

သို့ဖြစ်သည့်အတွက် BE တွင် တင်ပြခဲ့စဉ်က ဂျပန်ယန်း ၂ ဒသမ ၄၉၈ ဘီလီယံ ဖြစ်သော်လည်း RE တင်ပြချိန်တွင် ဂျပန်ယန်း ၂ ဒသမ ၆၂၄ ဘီလီယံ ဖြစ်ပါကြောင်း။


JICA ODA ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့နယ် ၂၃ မြို့နယ် ရေပေး ဝေရေး လုပ်ငန်းများကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။


၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါ မူနှင့် အခြေခံသဘော တရားများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံ သဘောဆွေးနွေးခြင်းများအပေါ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းတို့ ကလည်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သင်္ဘောများမှ မောင်းဆီ (လောင်စာဆီ) ယိုဖိတ်မှုကြောင့် ညစ်ညမ်း ပျက်စီးခြင်းအတွက် တရားမကြောင်းအရ ပေးလျော်ရန် တာဝန်ရှိမှု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ၂၀ဝ၁ တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး ကိစ္စနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။


ဒုတိယဝန်ကြီး ဦးကျော်မျိုးက မောင်းဆီယိုဖိတ်မှုကြောင့် ရေထုညစ်ညမ်းမှု ဖြစ်စဉ် စတင်ဖြစ်ပေါ်သည့် နေ့မှစ၍ သုံးနှစ်အတွင်း လျော်ကြေးတောင်း ခံနိုင်မည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ရေပိုင်နက်အတွင်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအတွက် ထိရောက်သော လျော်ကြေး တောင်းယူမှုများနှင့် ပျက်စီးမှုများကို ကုစားရန် ကျင့်သုံးနိုင်မည်ဖြစ်ပြီး လုံလောက်သော နစ်နာကြေး များ သတ်မှတ်ရန်နှင့် တာဝန်ရှိမှု ပြဿနာများကို ဆုံးဖြတ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း အဖွဲ့ဝင် နိုင်ငံများနည်းတူ တစ်ပြေးညီ ချမှတ်နိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း။


မြန်မာ့ပင်လယ်ပြင်၌ သင်္ဘောများမှ မောင်းဆီ(ရေနံ)ယိုဖိတ်မှု ဖြစ်ပွားပါက ရေထုညစ်ညမ်းမှုကြောင့် ထိခိုက်နစ်နာသူများ၊ ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ လုံလောက်သော လျော်ကြေးများ ရရှိရန် အာမခံချက်များနှင့် ရပိုင်ခွင့်များ အပြည့်အဝ ရရှိနိုင်ခြင်း၊ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများအပေါ် သို့လည်း စာချုပ်အရ ပေါ်ပေါက်လာသည့် တာဝန်ရှိမှုများနှင့် ပတ်သက်၍ သက်ရောက်မှုရှိမည်ဖြစ်ရာ မြန်မာ့ပင်လယ်ပြင်တွင် အဖွဲ့ဝင် နိုင်ငံ မဟုတ်သည့် နိုင်ငံများမှ သင်္ဘောမောင်းဆီများကြောင့် ဖြစ်ပေါ် လာသည့် ယိုဖိတ်မှု ဖြစ်စဉ်များတွင်လည်း ဤကွန်ဗင်းရှင်းအရ လုံလောက်သော လျော်ကြေးများ ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့ပြင် ဒုတိယဝန်ကြီးက ဤကွန်ဗင်းရှင်းအရ GT 1000 အထက်ရှိ ရေယာဉ်များ ၏ ပိုင်ရှင်များသည် မောင်းဆီ(ရေနံ)ယိုဖိတ်မှုလျော်ကြေး အာမခံထားရှိရမည်ဖြစ်ပြီး ထိုသို့ထားရှိထားကြောင်း သက်သေခံ လက်မှတ်ကို ရေယာဉ်အားမှတ်ပုံတင်ထားသည့် နိုင်ငံ သို့မဟုတ် တာဝန်ခံအဖွဲ့အစည်းတစ်ခုမှ ထုတ်ပေးရမည်ဖြစ်ကြောင်း၊ သက်သေခံ လက်မှတ်တင်ပြ နိုင်ခြင်းမရှိသော ရေယာဉ်များအနေဖြင့် ဆိပ်ကမ်းများသို့ ဝင်ရောက် ခွင့်ကို ငြင်းပယ်ခံရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထား သော ရေယာဉ်များအတွက် အာမခံသက်သေခံ လက်မှတ်များ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။


မြန်မာ့ပင်လယ်ပြင်၌ သင်္ဘောများမှ ဆီများထုတ်ခြင်း သို့မဟုတ် ပေါက်ထွက်ခြင်း၊ ယိုဖိတ်ခြင်း တို့ကြောင့် ဖြစ်ပေါ်လာသော ဆီညစ်ညမ်းမှုကြောင့် ထိခိုက်နစ်နာမှုများ၊ ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ သင့်လျော်သော လျော်ကြေးများ လျင်မြန်စွာ ရရှိရန်နှင့် ရေထုပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ခြင်း၊ လျော့ကျစေခြင်းနှင့် ထိန်းချုပ်ခြင်း အစီအမံများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။


ထို့ပြင် ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သင်္ဘောသားများ၏ သက်သေခံ အထောက်အထားများ ဆိုင်ရာ ကွန်ဗင်းရှင်း (ပြင်ဆင် ချက်) ၂၀ဝ၃၊ နံပါတ် (၁၈၅)တွင် မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ် ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍လည်း လွှတ်တော်သို့ ရှင်းလင်း ပြောကြားသည်။


ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာသည်။


(သတင်းစဉ်)