ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၂၈ မေ 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော COVID-19 ရောဂါကြောင့် လူမှုစီးပွားရေးထိခိုက်မှုများကို ကုစားနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ဘီလီယံ ၃၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ယခု JICA Loan ကို Policy Matrix အတွက် (COVID-19 Economic Relief Plan-CERP) ၏ Action Plan များအပေါ် မူတည်ဆောင်ရွက်မည် ဖြစ်ကြောင်းကို JICA မှ ညှိနှိုင်းလာပါကြောင်း၊ ထိုသို့ ညှိနှိုင်းရာ တွင် မိမိတို့ဆောင်ရွက်နိုင်မည့် အနေအထားနှင့် ၎င်းတို့လိုအပ်သည့် အနေအထားတို့ကို နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး အချိန်တိုအတွင်း အမှန်တကယ်အောင်မြင်နိုင်မည့် အချက်များကို ရွေးချယ်ဆောင်ရွက် ခြင်းဖြင့် ချေးငွေထုတ်ယူမှုကို မြန်ဆန်စေမည် ဖြစ်ပါကြောင်း။ JICA မှ ယန်းဘီလီယံ ၃၀ ရရှိမှုအပေါ်မူတည်၍ သင့်လျော်သော အသုံးစရိတ်ကို ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ အသုံးပြုခြင်းသည် ဘတ်ဂျက်လိုငွေကို လျော့နည်းသက်သာစေပါကြောင်း။

 

a

 

နိုင်ငံတော်အနေဖြင့် Project Loan များ ရယူလျက်ရှိသကဲ့သို့ အရေးပေါ် ကာလအတွင်း သင့်လျော်သော Program Loan များကိုလည်း ရယူသင့်ပါကြောင်း၊ ပြည်ပချေးငွေ အထူးသဖြင့် သက်သာမှုရှိသော ချေးငွေများ ရယူရာတွင် မိမိတို့ရယူလိုတိုင်း ရယူနိုင်သည်မဟုတ်ပါကြောင်း၊ ချေးငွေပေးအပ်မည့်နိုင်ငံ/ အဖွဲ့အစည်း၏ မိမိတို့နိုင်ငံ အပေါ်ထားရှိသည့် မူဝါဒ၊ မိမိတို့နိုင်ငံနှင့် ဆက်ဆံရေး၊ မိမိတို့နိုင်ငံ၏ လက်ရှိလုပ်ကိုင် ဆောင်ရွက်နေမှုနှင့် မိမိတို့နိုင်ငံ၏ ရှေ့အလားအလာ စသည်တို့ကို အဖက်ဖက်မှ ကြည့်ရှုပြီးမှသာ ပေးအပ်လေ့ရှိပါကြောင်း။ 

ကြွေးမြီရယူနိုင်သည့် အခွင့်အလမ်းရရှိချိန်တွင် ရယူထားခြင်းဖြင့် နိုင်ငံအတွက် ပိုမိုအကျိုးရှိစေ မည်ဖြစ်ပြီး ချေးငွေကို ထိရောက်အောင် သုံးစွဲနိုင်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများ လိုအပ်သလို ကုစားနိုင်ရေးနှင့် စီးပွားရေးနလံထူလာအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ဂျပန်နိုင်ငံ၊ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ချေးငွေဂျပန်ယန်း ဘီလီယံ ၃၀ ရယူဆောင်ရွက်လိုခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးစေလိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်း ထွန်းဟိန်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော COVID-19 ရောဂါကြောင့် လူမှုစီးပွား ရေးထိခိုက်မှုများကို ကုစားနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ဘီလီယံ ၃၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေ ငွေကျပ် ၁၃၁၁ ဒသမ ဝ၆၄ ဘီလီယံအတွင်း ရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေပိုငွေဟုဆိုရာတွင် အရအသုံးခန့်မှန်းခြေ ငွေစာရင်းအရ ဖြစ်ပေါ်လာသည့် လိုငွေနှင့်ပိုငွေများအပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်ရသည့် ကြွေးမြီအပ်ငွေနှင့် ယာယီစာရင်းများအရ ဖြစ်ပေါ်လာသည့် လိုငွေနှင့် ပိုငွေများလည်း ပါဝင်ပါကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်လိုငွေပမာဏနှင့် လိုငွေဖြည့်ဆည်းမှု ပမာဏတို့သည် ထပ်တူမဖြစ်ဘဲ ကွာခြားနေရခြင်းဖြစ်ပါကြောင်း။

ဘတ်ဂျက်ရေးဆွဲရာတွင် ပြည်ပချေးငွေရရှိမှု၊ သုံးစွဲမှုတို့ကို ထည့်သွင်းရေးဆွဲရပြီး အဆိုပါ ချေးငွေများ အပါအဝင် ရငွေ၊ သုံးငွေခြားနားချက်ကြောင့် ဖြစ်ပေါ်လာသည့် ဘတ်ဂျက်လိုငွေကို ပြည်တွင်းချေးငွေဖြင့် ဖြည့်ဆည်းရခြင်း ဖြစ်ပါကြောင်း။ ယင်းသို့ ဖြည့်ဆည်းရာတွင် အစိုးရငွေတိုက်စာချုပ်များ ရောင်းချခြင်း၊ အစိုးရငွေတိုက်လက်မှတ်များ ရောင်းချခြင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ချေးယူခြင်းနည်းလမ်းတို့ဖြင့် ဆောင်ရွက်ပါကြောင်း။

အနာဂါတ်ကာလတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ချေးယူခြင်းဖြင့် ဖြည့်ဆည်းခြင်းကို လျော့ချ၍ ပြည်သူသို့ အစိုးရငွေတိုက်စာချုပ်နှင့် အစိုးရငွေတိုက်လက်မှတ်များ ရောင်းချခြင်းဖြင့် ပိုမိုဖြည့်ဆည်းရန် ဦးတည်ဆောင်ရွက်မည် ဖြစ်ပါကြောင်း။ လက်ရှိအခြေအနေအရ ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးရန် လိုအပ်နေသေးသဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံသို့ အစိုးရငွေတိုက်လက်မှတ်များ အာမခံပေး၍ ချေးယူခြင်းကို လျှော့ချ၍ မရသေးပါကြောင်း။ ယခုအခါတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဘဏ်များအနေဖြင့် Liquidity Ratio (ငွေဖြစ်လွယ်မှုအချိုး) အခက်အခဲများလည်း ရှိသည့်အတွက် မိမိတို့အနေဖြင့် ငွေတိုက်စာချုပ်၊ငွေတိုက်လက်မှတ်များ မည်မျှပင် ရောင်းချသော်လည်း အဓိက ရင်းနှီးမြှပ်နှံသူ ဘဏ်များအနေဖြင့် ဝယ်ချင်မှဝယ်နိုင်မည် ဖြစ်ပါကြောင်း။ သို့ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုငွေဖြည့်ဆည်းခြင်းကို လက်လွှတ်၍ မရသေးခြင်း ဖြစ်ပါကြောင်း။ တဖြည်းဖြည်းလျှော့ချသွားရန် ရည်ရွယ်ပါကြောင်း။ တစ်ဖက်တွင်လည်း ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးအောင် ဆောင်ရွက်၍ အခြားတစ်ဖက်ကလည်း လိုငွေဖြစ်ပေါ်မှု လျော့နည်းအောင် ကြိုပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အစိုးရငွေတိုက်လက်မှတ်များ အာမခံပေး၍ ချေးငွေများရယူရန် ငွေကျပ် ၁၃၁၁ ဒသမ ဝ၆၄ ဘီလီယံ လျာထားမှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ချေးငွေရယူမှုကို လျော့ချရန် ရည်ရွယ်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ညှိနှိုင်း၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အစိုးရငွေတိုက် လက်မှတ်များကို တစ်လလျှင်နှစ်ကြိမ် လေလံစနစ်ဖြင့် ရောင်းချခဲ့ပါကြောင်း၊ အလားတူ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်၍ အစိုးရငွေတိုက်စာချုပ်များကို တစ်လလျှင်တစ်ကြိမ် လေလံစနစ်ဖြင့် ရောင်းချခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ချေးငွေ ငွေကျပ် ၆၆၃ ဒသမ ၁၂ ဘီလီယံ ဖြည့်ဆည်းပေးခဲ့ရပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဖြည့်ဆည်းပေးခဲ့ရခြင်း မရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၈၀၉ ဒသမ ၆၇ ဘီလီယံသာ ဖြည့်ဆည်းပေးခဲ့ရပါကြောင်း။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားချက်အောက် ၂၀၇ ဒသမ ၁၄၈ ဘီလီယံ လျော့နည်းဖြည့်ဆည်း ပေးခဲ့ရခြင်းကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေချေးယူရမှုအခြေအနေ တစ်စတစ်စ လျော့ကျလာသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

 

a

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၅၁ ရာခိုင်နှုန်း ရှိသော်လည်း ၂၀၁၉-၂၀၂၀ ခုနှစ်၊ မတ်လအထိ နှစ်အလိုက် ငွေကြေးဖောင်း ပွမှုနှုန်း ၆ ဒသမ ၆၁ ရာခိုင်နှုန်းသာ ရှိသဖြင့် ငွေကြေးတန်ဖိုးကို ထိန်းသိမ်းထားနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ လိုငွေကို ဖြည့်ဆည်းရန်၊ လိုအပ်သောငွေကြေးရရှိရန် ချေးငွေထုတ်ချေးခြင်းများ သို့မဟုတ် အစိုးရငွေတိုက် လက်မှတ်နှင့်ငွေတိုက်စာချုပ်များ ပိုမိုတိုး မြှင့်ရောင်းချခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေကို အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် Public သို့ရောင်းချ လိုငွေဖြည့်ဆည်းပြီးနောက် အဆိုပါအပ်ငွေစာရင်းပိတ်တွင် လိုငွေဖြစ်ပေါ်မှသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေဖြင့် ဖြည့်ဆည်းပေးရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု အစိုးရ အဖွဲ့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖြစ်ပေါ်လာမည့် ပြည်ထောင်စု အစိုးရအပ်ငွေ စာရင်း၏ လိုငွေအတွက် ငွေကျပ် ၁၃၁၁ ဒသမ ဝ၆၄ ဘီလီယံကို လိုအပ်ပါက မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က အစိုးရငွေတိုက်လက်မှတ်များ ဝယ်ယူခြင်းဖြင့် ဖြည့်ဆည်း မည်ဖြစ်ရာ ချေးငွေရယူနိုင်ရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဉပဒေပုဒ်မ (၉၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ရယူပေးပါရန် တင်ပြအပ်ပါကြောင်း  ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေ ငွေကျပ် ၁၃၁၁ ဒသမ ဝ၆၄ ဘီလီယံအတွင်း ရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အဋ္ဌမအကျော့ အာဆီယံငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျော့ပေးရေး သဘောတူညီချက် အသက်ဝင်ရေး အတည်ပြုစာချွန်လွှာတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးက စီမံကိန်းအတွက် ကမ္ဘာ့ဘဏ် (IDA-18) အစီအစဉ်အရ ဒေါ်လာသန်း ၂၀ဝ ချေးယူရေးကိစ္စသည် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၂၂၈ မြို့နယ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်၍ ကြိုဆိုပါကြောင်း။ 

စီမံကိန်းတွင် စိုက်ပျိုးထုတ်လုပ်မှုများတိုးပွားရေး၊ စိုက်ပျိုးထုတ်ကုန် အရည်အသွေး ပိုမိုကောင်းမွန်ရေး၊ ဈေးကွက်ယှဉ်ပြိုင်မှုတိုးမြင့်လာစေရေး၊ တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်မှု အထောက်အပံ့ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ကြောင့် ဆိုးကျိုးသက်ရောက်မှု ကြံ့ကြံ့ခံကျော်လွှားနိုင်စေရေး၊ အဟာရပြည့်ဝပြီး ဘေးကင်းသော စားနပ်ရိက္ခာ စဉ်ဆက် မပြတ် ပံ့ပိုးနိုင်ရေး၊ ဆည်ရေသောက်စနစ် တူးမြောင်းတာတမံများ ပြုပြင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းလာစေရေးနှင့် လတ်တလော ရေရှည်ကုစားပေးရန် အစီအမံများကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ချေးငွေများကို စနစ်တကျအဆင့်ဆင့် စီမံခန့်ခွဲမည်ဖြစ်၍ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေက အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ချေးငွေသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအပေါ် အမှီအခို ပြုနေသည့် ကျေးလက်နေ တောင်သူလယ်သမားများနှင့် ပြည်သူများ ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို ကျော်လွှားနိုင်ရေးနှင့် အထောက်အကူပြုရေးကို ရည်ရွယ်၍ မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်နိုင်မည်ဟု သိရပါကြောင်း၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးကို အထောက်အကူ ပြုဖြစ်ထွန်းစေမည့် စီမံကိန်းဟု ယူဆပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံရသည့် ဝင်ငွေနည်း တောင်သူများအတွက် စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်ရှိ ချေးငွေကို ထောက်ခံပါကြောင်း၊ ချေးငွေကို ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားရသည့် မြို့နယ်များအတွက် ထိရောက်အကျိုးရှိမည့် အစီအစဉ်များ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း ဆွေးနွေးသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက နိုင်ငံတော်၏ အခြေခံစီးပွားဖြစ်သည့် စိုက်ပျိုးရေးနှင် မွေးမြူရေးကဏ္ဍတို့အပေါ် အမှီအခိုပြု အသက်မွေးဝမ်းကျောင်းလျက် ရှိနေကြသည့် ကျေးလက်နေတောင်သူ လယ်သမားများနှင့် ပြည်သူတို့အတွက် ယခုကဲ့သို့ ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ သက်ရောက်မှုများကို ကျော်လွှားနိုင်စေရေး အထောက်အကူပြုနိုင်မှုများကို အခြေပြု၍ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံ၏ စီးပွားရေးပြန်လည်ကုစားရာတွင် နိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများအတွက် ကိုဗစ်ရန်ပုံငွေကို ဦးစားပေးအသုံးပြုသင့် သကဲ့သို့ နိုင်ငံတကာချေးငွေများဖြင့်လည်း လုပ်ဆောင်သင့်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် လာပြီးနောက်ပိုင်း အဓိကလိုအပ်ချက်ဖြစ်လာမည့် နေ့စဉ်ဘဝအတွက် လိုအပ်သော စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း ဖြစ်သည့်အတွက် ပင်မအရင်းအမြစ်ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ထောက်ပံ့ကူညီရန် အရေးကြီးပါကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးလိုအပ်သဖြင့် ချေးငွေကို ထောက်ခံရခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်းပါ အစီအစဉ်များသည် ထိခိုက်သွားသည့် လယ်ယာကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများကို ကုစားပေးနိုင်ရေးနှင့် ကြုံတွေ့နေရသည့် အကြပ်အတည်းများကို လွတ်မြောက်သွားနိုင်ရေး အဓိကရည်ရွယ်ထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။

 

a

 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) မှ ဒေါ်ရွှေရွှေ စိန်လတ်၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စ ထွန်း(ခ) ဒေါက်တာအားကာမိုး၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး(ခ)သန်းစိုး (ဘောဂဗေဒ)၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်း ထိုက်စိုး၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ကျော်မိုးအောင်၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းဦး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းနှင့် ရှားတောမဲဆန္ဒ နယ်မှ ဒေါ်ဝင့်ဝါထွန်းတို့က ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ကို မေ ၂၉ တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မင်းမင်းဇော်၊ ဟန်လင်းနိုင်
ဓာတ်ပုံ-ကျော်ဇင်ထိုက်