ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော်  ၂၈   နိုဝင်ဘာ

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့တွင် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ဦး တင်ပြ ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုင်းအိုက် လှက  ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေများတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်ကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စား လှယ်များအနေဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးကို ထိန်းသိမ်းကာကွယ်စောင့် ရှောက်ကြရ မည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်၏ ရေရှည်အကျိုး၊ တိုင်းရင်းသားများ အကျိုး၊ ပြည်သူများအကျိုးအတွက် ဥပဒေနှင့်အညီ တင်ပြလာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ဆွေးနွေးစဉ်းစားဆုံးဖြတ်ကြရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ကို မလိုက်နာခြင်း၊ ကျော်လွန်လုပ်ဆောင်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုတင်သွင်းလာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဥပဒေနှင့်အညီ ဆက်လက် ဆွေးနွေးဆုံးဖြတ်သင့်ပါကြောင်း ဆွေးနွေးသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်က ၂၁ရာစု ပင်လုံညီလာ ခံမှ အတည်ပြုပြီးဖြစ်သည့် သဘောတူ ညီချက် ၅၁ ချက်တွင် နိုင်ငံတော်ကို ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဟု အတိ အကျဖော်ပြပြီးဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ် တည်ဆောက်ရာတွင် လွတ်လပ် ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပပေးရန် မဖြစ်မနေ လိုအပ်ပါကြောင်း၊ ထို အချက်သည် ၄၅ ဦးကော်မတီ၏ ရည်မှန်းချက် နှင့် တာဝန်များတွင် ပါဝင်နေသည်ကို တွေ့ရပါကြောင်း၊ (၂၀ဝ၈ခုနှစ်)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ၄၅ ဦးကော် မတီက တစ်ပေါင်းတည်းပြင်ဆင်သည် ဖြစ်စေ အချိန်မဆွဲဘဲ ပြင်သင့်ပြင်ထိုက်သည့် ပုဒ်မများကို ဦးစားပေးပြင်ဆင်ရန် လိ်ုအပ် ပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသန့်ဇင် က  ယခု ဆွေးနွေးနေသည့် ဥပဒေမူကြမ်းပြင်ဆင်ခြင်းကို အချိန်ကာလတိကျစွာ မသိနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) တစ်ခုလုံးအပေါ် သုံးသပ်လေ့လာပြီး ပြုစုရေးဆွဲ တင်သွင်းလာမည့် ဥပဒေမူကြမ်းနှင့်အတူ တစ်ပြိုင်တည်းယှဉ်တွဲ ဆောင်ရွက်ခြင်း မပြုလုပ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အမြန်ဆောင်ရွက်သင့်ပါကြောင်း နှင့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ကန့်ကွက်ပါ ကြောင်း ဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာအပေါ် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲစိုး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်မင်းဟန်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်သွင်စိုး၊ တပ်မတော်သားပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇွဲနေဇော်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်ခင်ငြိမ်းချမ်း၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး စောကျော် အောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်၊ တပ်မ တော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဝင်းမင်းထွန်း၊ တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ချိုနှင့် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒ နယ်အမှတ်(၃)မှ ဦးဆန်းမြင့် တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က လွှတ် တော်အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေး တင်ပြရာတွင် ယခုရက်ပိုင်းအတွင်း လွှတ်တော်အစည်းအဝေးတွင် တွေ့ရှိရသည့် အခြေအနေ အချို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးပြောကြားလိုပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်နာယကအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ လွှတ်တော် ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အသုံးပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်းညှိနှိုင်းပြီး အတတ်နိုင်ဆုံး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်ကို ဦးစွာပြောကြားလိုပါကြောင်း။

 

 မိမိသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် သက်ဆိုင်ရာ မဲဆန္ဒ နယ်မှ ဒုတိယအကြိမ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါကြောင်း၊ လက်ရှိသက်တမ်းတွင်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တာဝန်ပေးအပ်မှုအရ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကို ဥပဒေ နှင့်အညီ ထမ်းဆောင်နေခြင်းဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဆင့်ဆင့်ရွေးကောက်တင်မြှောက်ခြင်း ခံရပြီးမှ ယခုကဲ့သို့ တာဝန်ထမ်းဆောင်ရခြင်း ဖြစ်ပါကြောင်း၊ နာယကအနေဖြင့် သက်ဆိုင်သည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ လွှတ်တော်ဆိုင်ရာလုပ်ငန်း များကို ဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာလွှတ်တော်အဖွဲ့အစည်းများ၏ လုပ်ငန်း များကိုလည်း ဥပဒေ၊ နည်းဥပဒေဘောင်အတွင်းမှ အချိန်အခါနှင့်အညီအောင် မြင်ပြီးစီး အောင် ကြပ်မတ်တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း။

 

လွှတ်တော်နာယက၏ တာဝန်နှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ တာဝန်များသည် သူ့အတိုင်းအတာနှင့်သူ များပြားကြီးမားလှပါကြောင်း၊ သို့သော် ထပ် တူမဖြစ်သည့်အတွက် နာယက၏ တာဝန်နှင့် လုပ်ဆောင်မှုအပေါ် နားမလည်နိုင်ခြင်း၊ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၏ ဆန္ဒအတိုင်း မလုပ်ပေးနိုင်၍ သဘောမကျခြင်း ရှိနိုင်ပါကြောင်း၊ ယင်းမှာလည်း အတိုင်းအတာရှိပါကြောင်း၊ နာယက၏ တာဝန်ကျေပွန် အောင်မဆောင်ရွက်နိုင်ပါက တာဝန်ရုပ်သိမ်းနိုင်သည့် ဥပဒေ၊ နည်းဥပဒေများ  သတ်မှတ်ထားပြီး ဖြစ်သကဲ့သို့ မိမိ၏ တာဝန်ရှိမှုအပိုင်းကိုလည်း ကောင်းစွာသိရှိနား လည်ပါကြောင်းကို အသိပေးလိုပါကြောင်း။

 

ဆွေးနွေးချက်အချို့တွင် လွှတ်တော်က ဆုံးဖြတ်အတည်ပြုပြီးသည့် ကိစ္စတစ်ခု ကို ဥပဒေနှင့်ညီသည်၊ မညီဟု ပြောကြပါကြောင်း၊ တစ်ဦးတစ်ဖွဲ့၏ ပြောကြားချက်ဖြင့် သတ်မှတ်၍ မရသည့် ကိစ္စဖြစ်ပါကြောင်း၊ မညီဟု ယူဆပါက လုပ်ဆောင်နိုင်သည့် သတ်မှတ်ပြဋ္ဌာန်းချက်များ ရှိပါကြောင်း၊ ပြော၍ရတိုင်း ပြော၍မသင့်သည့် ပြော၍ မ ကောင်းသည့် အသုံးအနှုန်းများအတွက် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ ရှိပါ ကြောင်း၊ တစ်ဦးချင်းလိုက်နာစောင့်ထိန်းကြရန် လိုပါကြောင်း၊ လွတ်လပ်စွာပြောဆို ဆွေးနွေးခွင့်ကို မှန်မှန်ကန်ကန်စည်းကမ်းရှိရှိ အသုံးချပြီး တာဝန်များကို ကျေပွန်ကြရန် တိုက်တွန်းလိုပါကြောင်း။

 

လွှတ်တော်အစည်းအဝေးအတွင်းတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အပြန်အလှန်လေးစားမှု ထားပြီး လွှတ်တော်နှင့် တစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့်အညီ ပြုမူပြောဆိုဆောင်ရွက်စေလိုပါကြောင်း၊ ဆွေးနွေးချက်များတွင်လည်း အပြုသဘော ဆောင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အထောက်အကူပြု ရှေးရှုသည့် အသုံး အနှုန်းအပြုအမူများ ဖြစ်ရန်လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၉တွင်ပါရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရမည့် စည်းကမ်း ချက်များနှင့်ညီညွတ်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုလွှတ်တော်ဟု ဆိုပါက လွှတ်တော်ကိုယ်စားလှယ်များအားလုံး ပါဝင်ပါကြောင်း။

 

 လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြသည့် အခါတွင် အစီရင်ခံစာပါ အကြောင်းအရာများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ ဆွေးနွေးကြပြီး ပါတီ၊ ဌာန၊ အဖွဲ့အစည်းတစ်ခုခု၊ တိုင်းရင်းသားလူမျိုးစုတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို  ထိခိုက်နစ်နာမှုရှိသည့် အသုံးအနှုန်းများဖြင့် ပြောဆိုဆွေးနွေးမှု မဖြစ်စေရေး သတိပြုကြစေလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွင်ပါရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် အခွင့်အရေးများကိုလည်း အပြည့်အဝအသုံးပြုနိုင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် လျော်ညီသည့် ကျင့်ဝတ်စည်းကမ်း များကိုလည်း အလေးထားလိုက်နာပြီး သတ်မှတ်ချက်များနှင့်အညီ ဆွေးနွေးကြရန် မှာကြားလိုပါကြောင်း။

 

၂၀၁၉ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဗိုလ်မှူးချုပ်မောင်မောင် အပါအဝင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်းသည့် လေ့လာစိစစ်ရေးပူးပေါင်းကော် မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၅ဦး ဆွေးနွေးခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် အချို့၏ ဆွေးနွေးချက်များသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျင့်ဝတ်နှင့်စည်းကမ်းများ၊ လွှတ် တော်အစည်းအဝေးတွင်လိုက်နာရမည့် စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း၊ လွှတ်တော်နှင့် လွှတ်တော်အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာကို ထိပါးစေပြီးလွှတ်တော် အတွင်းဆောင်ရွက်ချက်များကို အထင်အမြင်မှားစေသည့် ပြောဆိုဆွေးနွေးမှုများ ပါ ဝင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။

 

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ(စ)တွင် လွှတ်တော် အစည်းအဝေးများတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း ဟု ပြဋ္ဌာန်းထားသဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် တည်ဆဲဥပဒေပါ ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်  လွှတ်တော်ကိုယ်စားလှယ် (၅)ဦး၏ ဆွေးနွေးချက် အချို့သည် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ နည်းဥပဒေခွဲ (င) (စ) (ဋ) (ဋ္ဌ)ပါ လွှတ်တော် အစည်းအဝေးတွင် လိုက်နာရမည့် စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ ဆွေးနွေးခဲ့ သည့်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀ နည်းဥပဒေခွဲ (ဂ) နည်းဥပဒေခွဲငယ် (၅) အရ ဖောက်ဖျက်ကျူးလွန်သည့် စကားရပ် များကို လွှတ်တော် မှတ်တမ်းမှ နုတ်ပယ်မည်ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာနိုင်ငံဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာ နှင့် လက်မှတ်များ ဥပဒေကြမ်းနှင့် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် အပါအဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ဦး ပေးပို့ တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူ ကြမ်းနှင့် စပ်လျဉ်းသည့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ် တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က မိမိအနေဖြင့် ရှင်းလင်း  တင်ပြလိုသည့် အချက် (၄)ချက် ရှိပါကြောင်း၊ ပထမဆုံးအချက်အနေဖြင့် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၃ခုနှစ် မတ် ၂၀ ရက်တွင် ဝက်လက်မဲဆန္ဒနယ်မှ ကိုယ် စားလှယ် သူရဦးအေးမြင့် က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး အတွက် အရေးကြီးအဆိုတစ်ခု ကို လွှတ်တော်သို့ တင်သွင်းခဲ့ပါကြောင်း။

 

ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည့်အတွက် ၂၀၁၃ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၁၃)ဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို အဖွဲ့ဝင် (၁၀၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၄ခုနှစ် ဖောဖော်ဝါရီ ၃ ရက်တွင် ပြည်ထောင်စုလွှတ် တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂၀/ ၂၀၁၄) ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို အဖွဲ့ဝင် (၃၁)ဦးဖြင့် ဖွဲ့စည်း၍ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည်မှာ သမိုင်းမှတ် တမ်း တစ်ခုဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုများကို လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် မညီညွတ်ဟု ကန့်ကွက်မှုမရှိခဲ့သည်ကို လေ့လာတွေ့ရှိနိုင်ပါကြောင်း။

 

ဒုတိယအချက်အနေဖြင့် တင်ပြလိုသည်မှာ ယခုဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၉)ဖြင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန် ယူပေးအပ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီက လွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တင်သွင်းလာမည့် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော် သို့လက်ရှိ တင်သွင်းထားသည့် ဥပဒေမူကြမ်းများနှင့် တစ်ပြိုင်တည်းယှဉ်တွဲပြီး လေ့လာစိစစ်သုံးသပ်ရန် မိမိတို့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီဝင် အများစုက ဆန္ဒပြု ဆုံးဖြတ်ခဲ့ကြခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ် ကို ပြုစုရေးဆွဲပြီး လွှတ် တော်သို့တင်သွင်းနိုင်ရန် ဆောင်ရွက်ရမည်ဟု ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည့် အမိန့်ကြော် ငြာစာတွင် ကော်မတီ၏လုပ်ငန်း တာဝန်များကို တိတိလင်းလင်းသတ်မှတ်ဖော်ပြထား၍ ဖြစ်ပါကြောင်း။

 

တတိယအချက်အနေဖြင့် တင်ပြလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ကို ဒုတိယအကြိမ်ပြင်ဆင်သည့်  ဥပဒေမူကြမ်းများကို ဆက်တိုက်ကဲ့သို့ တင်သွင်းလာသည့်အခါတွင် ထပ်တူနည်းပါး တူညီသည့် ဥပဒေမူကြမ်းများကို အပြိုင် တင်သွင်းလာသည့်သဘောသက်ရောက် နေပါကြောင်း၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း များကို အပြိုင်တင်သွင်းလာသည့်အခါ မည်သို့ဆောင်ရွက်ရမည်ဆိုသည့် တိကျသည့် ပြဋ္ဌာန်းချက်မျိုး မပါရှိသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင် စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈ နည်းဥပဒေခွဲ (ပ)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း “ ဤနည်းဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိသော ကိစ္စများ ပေါ်ပေါက်လာလျှင်သော် လည်းကောင်း၊ ဤနည်းဥပဒေများအတိုင်း ဆောင်ရွက်ရာတွင် အခက်အခဲတစ်ရပ်နှင့် ကြုံတွေ့ရလျှင်သော်လည်းကောင်း ယင်းအခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ခြင်း” ဆိုသည့် ပြဋ္ဌာန်းချက်အရ နာယက မှတစ်ဆင့် လွှတ်တော်သို့ မိမိတို့  ပူးပေါင်းကော်မတီအနေဖြင့် အစီရင်ခံတင်ပြခဲ့ရ ခြင်းဖြစ်ပါကြောင်း။

 

ယင်းသို့အစီရင်ခံတင်ပြသည့်နေရာတွင်လည်း လွှတ်တော်က အဆုံးအဖြတ်ပြု ပြီးသည့် ကိစ္စရပ်တစ်ခုအပေါ်တွင် ထပ်မံဆွေးနွေးဆောင်ရွက်ခြင်း မပြုရဆိုသည့် ကန့် သတ်ချက်ရှိသော်လည်း ပြင်ဆင်သည့် ဥပဒေကြမ်းများအပြိုင် တင်သွင်းလာသည့် အတွက် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီအနေဖြင့် မည်သို့ဆောင်ရွက်သင့်သည်ကို လွှတ်တော်က အဆုံးအဖြတ် ပြုပေးနိုင်ရန် တင်ပြခဲ့ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏ တင်ပြချက်အပေါ်တွင်လည်း လွှတ်တော်က အဆုံးအဖြတ် ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း။

 

စတုတ္ထအချက်အဖြစ် နောက်ဆုံးတင်ပြလိုသည်မှာ မိမိတို့လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဝင် အများစု၏ ဆုံးဖြတ်ချက်ဖြစ်သည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီ မှ တင်သွင်းလာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးအပေါ် သုံးသပ်လေ့လာသည့် ပြင်ဆင်ချက်များ ပါရှိလာမည့် ဥပဒေမူကြမ်း၊ ယခုလွှတ်တော်သို့ ပုဒ်မ၊ ပုဒ်မခွဲအချို့ သာ ပြင်ဆင်ဆောင်ရွက်ရန် တင်သွင်းလာသည့် ဥပဒေမူကြမ်းများနှင့် တစ်ပြိုင်တည်း ယှဉ်တွဲလေ့လာစိစစ်မှသာလျှင် စနစ်ကျနသည့် လေ့လာစိစစ်မှုမျိုးကို ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း။

 

 ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်ခု၏ ပင်မအသက် သွေးကြော၊ အလွန်အရေးကြီးသည့် အမှားအယွင်း အတိမ်းအစောင်းခံ၍ မရသည့် မူလဥပဒေကြီး တစ်ခုဖြစ်သည့်အတွက် နိဒါန်းမှ နောက်ဆက်တွဲဇယားများအထိ ချိတ် ဆက်နေသည့် ဥပဒေကြီးတစ်ခုလုံးအပေါ်တွင် တိကျသေချာသည့် လေ့လာစိစစ်မှုများ ကို ဆောင်ရွက် နိုင်ရန် လိုပါကြောင်း၊ ဥပဒေမူကြမ်း တစ်ခုချင်း တစ်ခုချင်း သုံးသပ် ဆောင်ရွက်နေ မည်ဆိုပါက အစီအစဉ် ကျနမှုမရှိသည့် လေ့လာစိစစ်ခြင်းမျိုးသာ ဖြစ်နေသည့်အတွက် မိမိတို့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီသည် လွှတ်တော်ကအပ်နှင်းထားသည့် တာဝန်ကို ကျေုပွန်အောင်ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် လွှတ် တော်သို့ တင်ပြထားသည့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ သဘောထားမှတ် ချက် အတိုင်းသာ လွှတ်တော်က သဘောတူလက်ခံဆုံးဖြတ်အတည်ပြုပေးနိုင်ပါရန် အဆိုပြုတင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အထက်ပါ အစီရင်ခံစာ အပေါ် လွှတ်တော်ကိုယ်စားလှယ် (၂၈)ဦးက ဆွေးနွေးခဲ့ရာတွင် တစ်ဦးချင်းအလိုက် အမျိုးမျိုးသောကိုးကားချက်၊ ထောက်ပြချက်၊ အကြံပြုချက်၊ ထင်မြင်ယူဆချက်များကို အသုံးအနှုန်းမျိုးစုံဖြင့် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ချင်းက မိမိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အသုံးပြုဆွေးနွေးခဲ့ကြသကဲ့သို့ လွှတ်တော် နာယက တစ်ဦးအနေဖြင့်လည်း ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး လွှတ်တော်၏ လုပ်ငန်းတာဝန် တစ်ခုချင်းစီကို အတတ်နိုင်ဆုံး ပြီးဆုံးကျေ ပွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

 ယင်းသို့ဆောင်ရွက်သည့်နေရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ညီခြင်း၊ မညီခြင်း၊ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း တို့သည် နာယက တစ်ဦးတစ်ယောက်၏ ဆောင်ရွက်ချက် မဟုတ်ဘဲ လွှတ်တော်၏ အဆုံးအဖြတ်သာ ဖြစ်ပါကြောင်း၊ လွှတ်တော်အစည်း အဝေးများတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ် တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်း ချက်များတွင် အကြောင်းအရာနှင့် လုပ်ငန်းစဉ်အပေါ်မူတည်၍ ဆွေးနွေးခြင်း၊ မှတ်တမ်း တင်ခြင်း၊ အဆုံးအဖြတ်ရယူခြင်းဆိုသည့် သတ်မှတ်ချက်များကို တွေ့ရှိနိုင်ပါကြောင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူမည့် ကိစ္စရပ်များ၊ သဘောတူအတည်ပြုချက်ရယူရ မည့်ကိစ္စရပ်များ၊ မဲခွဲဆုံးဖြတ်ခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ကို လွှတ် တော်ကိုယ်စားလှယ်များကို အသိပေးပြောကြားလိုပါကြောင်း၊ ထို့ကြောင့် အဆိုပါ ပူး ပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ်အသုံးပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထောက်ခံဆန္ဒမဲ များပါက ယင်းအစီရင်ခံစာကို လွှတ်တော်က သဘောတူအတည်ပြုမည် ဖြစ်ပြီး ကန့်ကွက်ဆန္ဒမဲများပါက အတည်မပြုကြောင်း ကြေညာမည်ဖြစ်ပါကြောင်း ပြောကြား သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ပူး ပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ ထောက်ခံမဲ ၃၆၂ မဲ၊ ကန့်ကွက်မဲ ၁၉၂ မဲ၊ ကြားနေမဲ မရှိ ဖြစ်သဖြင့် ထောက်ခံဆန္ဒမဲများသောကြောင့် သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဒီဇင်ဘာ ၃ ရက် တွင်ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်