ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ ကျင်းပ 

နေပြည်တော် ၂၉ သြဂုတ် 

 

ဒုတိယအကြိမ်   ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ ၂ ခု ဖတ်ကြားခြင်း၊ အဆို ၁ ခု ဆွေးနွေး၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  နိုင်ငံတကာ ဆက်ဆံရေး ကော်မတီတွင် မြောင်းမြ မဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိုးမိုးသူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီတွင် ကော့မှူးမဲဆန္ဒနယ်မှ  ဦးကျော်ဆွေဝင်း(ခ) ဦးအာလူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင် မုံရွာမဲဆန္ဒနယ်မှ ဦးညွန့်အောင်တို့ကို အဖွဲ့ဝင်များအဖြစ် ထပ်မံ ထည့်သွင်းဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍  လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

 

ဟင်္သာတ မဲဆန္ဒနယ်မှ ဦးခင်မောင်ရီ၏ ဟင်္သာတခရိုင်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပသည့်အခါ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၃)နေရာ ပြန်လည်ကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှ ပိုင်းခြားသတ်မှတ်ခြင်းသည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄ နှင့်အညီ ပိုင်းခြားသတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်များကို တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် မဲဆန္ဒနယ် ၁၂ နယ်စီသာ ပိုင်းခြားသတ်မှတ်ရပါကြောင်း၊ အထွေထွေရွေးကောက်ပွဲများ မကျင်းပမီ မဲဆန္ဒနယ်များပိုင်းခြားသတ်မှတ်နိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီဌာနမှ မြို့နယ်များကို အခြေခံသော တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လူဦးရေစာရင်းများကို ရယူပါကြောင်း၊ ရရှိလာသော လူဦးရေစာရင်း များအရ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄(ဂ) နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်းစီအတွက် ခရိုင်များ၏ လူဦးရေစုစုပေါင်းအပေါ် အခြေခံ၍ ခရိုင်တစ်ခုချင်းစီ၏ လူဦးရေကို မဲဆန္ဒနယ် ၁၂ နယ်ဖြင့် သင်္ချာနည်းအတိုင်း အချိုးချ၍  တွက်ချက်သတ်မှတ်ခြင်းဖြစ်ပါကြောင်း။

 

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ခြင်းသည် မဲဆန္ဒနယ်သတ်မှတ် ခြင်းဆိုင်ရာ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄ နှင့်အညီ သတ်မှတ်ခြင်း သာဖြစ်ပါကြေင်း၊ ကော်မရှင်က သတ်မှတ်သော လွှတ်တော်မဲဆန္ဒနယ်များသည် လွှတ်တော်သက်တမ်း တစ်ခုအတွက်သာ အတည်ဖြစ်ပြီး လွှတ်တော်သက်တမ်းမကုန် ဆုံးမီ နောက်သက်တမ်းတစ်ခုအတွက် မဲဆန္ဒနယ်များကို ကော်မရှင်က အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍ သတ်မှတ်ပေးရမည်ဖြစ်ပါကြောင်း၊  ဟင်္သာတခရိုင်တွင် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၃ နေရာ ပြန်လည်ကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ ၂၀၂၀၂ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလတွင် တည်ရှိနေမည့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ၏ လူဦးရေအပေါ် မူတည်၍ဥပဒေနှင့်အညီ ပိုင်းခြားသတ်မှတ်သွားမည်ဖြစ်သောကြောင့် မဲဆန္ဒနယ် ပိုင်းခြားသတ်မှတ်ချိန်ရောက်မှသာ ခရိုင်တစ်ခုစီအလိုက် ရရှိသော မဲဆန္ဒနယ်အရေအတွက်ကို သိရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

 

မင်းလှ မဲဆန္ဒနယ်မှ  ဒေါက်တာဦးသန်းအောင်စိုး၏ အင်ဂျင်နီယာ COE (Centre of Excellent) တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရရှိသူများ၏ အလုပ်အကိုင် အခွင့်အလမ်း စီစဉ်ထားရှိမှုနှင့် အခြားနည်းပညာတက္ကသိုလ်များမှ ရရှိသောဘွဲ့သည် မည်သို့ကွာခြားမှုရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးဝင်းမော်ထွန်းက Employability သည် တက္ကသိုလ်တိုင်းအတွက် အရည်အသွေး သတ်မှတ်မှုသည် အရေးပါသော အချက်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ဘွဲ့ရရှိပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းကို စစ်တမ်းကောက်ယူရာတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၌ပင်လျှင် ဘွဲ့ရရှိသွားကြပြီးနောက် ၅ နှစ်လျှင် တစ်ကြိမ် တက္ကသိုလ်အသီးသီးရှိ ကျောင်းသားဟောင်းများက လုပ်ငန်းရှင်များ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ကြပါကြောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္က သိုလ်၊  အခြားနည်းပညာတက္ကသိုလ်များနှင့် အလုပ်အကိုင်ရရှိမှု ကွာခြားချက်ရှိ၊ မရှိ လေ့လာဆန်းစစ်နိုင်ရန် အချိန်လိုအပ်ပါကြောင်း။

 

တက္ကသိုလ်အစိုးရ အနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ အစိုးရဌာနအသီးသီးအတွက် ပြည်ထောင်စုရာထူးဝန်မှ ခေါ်ယူသော ရာထူးနေရာများအတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ် စသဖြင့် တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိမှတ်ပြု၍ အလုပ်အကိုင်ခေါ်ယူ ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကျောက်တော် မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏ ကိုယ်ပိုင်ဘာသာရပ်သင်ဆရာများအတွက် ကိုယ်ပိုင်ကျောင်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနမှ ရက်တိုသင်တန်းများကို ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားနေသော ဆရာ၊ ဆရာများသည် ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ပါရဂူဘွဲ့  သို့မဟုတ် ပညာရေးဘွဲ့ ရရှိသူ၊ ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာအတတ် ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ်ရရှိသူ သို့မဟုတ် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူ၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာလက်မှတ် သို့မဟုတ်  ပညာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်သော ဆရာအတတ်ပညာရက်တိုသင်တန်းဆင်း လက်မှတ်မရရှိ စေကာမူ ပြည်တွင်းသို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြေခံပညာကျောင်းများတွင် ဆရာအဖြစ်လည်းကောင်း၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် ဘာသာပြဆရာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားမှုအတွေ့အကြုံ အနည်းဆုံး ၅ နှစ်ရှိသူဖြစ်ပါက ကိုယ်ပိုင်ကျောင်း ဆရာမအဖြစ် လျှောက်ထားခွင့်ရှိပြီး ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိပါကြောင်း။

 

 

ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြထားသည့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် နည်းဥပဒေပါ အခန်း(၅)၊ နည်းဥပဒေပုဒ်မ (၁၄)၊ နည်းဥပဒေခွဲ(ဃ) တွင် ကိုယ်ပိုင်ကျောင်း ဆရာအဖြစ် လုပ်ကိုင်လိုသူများအနက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုမရှိသဖြင့် ဆရာအတတ်ပညာ ရက်တိုသင်တန်း တက်ရောက်လိုကြောင်း တင်ပြလာပါက ညွှန်ကြားရေးမှူးချုပ်မှ တစ်ဆင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမည် ဟူ၍ ပါရှိပါကြောင်း၊  နည်းဥပဒေခွဲ (င)တွင် နည်းဥပဒေခွဲ(ဃ)အရ  သင်တန်းတက်ရောက်လိုသူများကို စိစစ်၍  ပညာရေးဝန်ကြီးဌာနက ဆရာအတတ်ပညာ ရက်တိုသင်တန်းဖွင့်လှစ်ရန် သတ်မှတ် သည့် ပညာရေးတက္ကသိုလ် သို့မဟုတ် ပညာရေးကောလိပ်သို့ အချိန်မီစေလွှတ်ပေးရမည်ဟု ပြဋ္ဌာန်းပါရှိပါကြောင်း၊ ပညာရေးဘွဲ့နှင့် ဆရာအတတ်ဒီပလိုမာ မရရှိသေးသော ဆရာ၊ ဆရာမများအား ဆရာအတတ်ပညာ ရက်တိုသင်တန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်း၊ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်နှင့် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ရှင်းလင်း ဖြေကြားကြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို  ကော်မတီ အတွင်းရေးမှူး  ဦးခင်မောင်သန်းက ဖတ်ကြားတင်ပြသည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး  ဥပဒေကြမ်း ကော်မတီဝင် ဦးဌေးငွေက အစီရင်ခံစာကို ဖတ်ကြားတင်သွင်းသည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် အပြည်ပြည် ဆိုင်ရာထေရဝါဒ ဗုဒ္ဓဘာသနာပြု တက္ကသိုလ်ဥပဒေကြမ်းတို့ကို လက်ခံရရှိ ကြောင်း တင်ပြပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းကြောင်း ကြေညာသည်။

 

ယင်းနောက် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးတင်သွင်းသည့်  မြန်မာ့ပညာရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်နိုင်စေရန်အတွက် အဆင့်မြင့် ပညာကဏ္ဍတွင် သုတေသနရပ်ဝန်းကောင်းများ ဖော်ဆောင်ပေးပါရန်နှင့် သုတေသန ဆောင်ရွက်သူ ပညာရှင်များအား သုတေသနရန်ပုံငွေ လုံလောက်စွာ ထောက်ပံ့ချီးမြှင့် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

 

စေတုတ္ထရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က အခြေခံပညာရေးကဏ္ဍတွင် ဘာသာရပ်များကို မိမိဘာသာစကား မဟုတ်သည့် အင်္ဂလိပ်လို သင်ကြားခြင်းသည် ဘာသာရပ်ပိုင်းဆိုင်ရာ၊ သီအိုရီပိုင်းဆိုင်ရာ  နားလည်ရန် အခက်အခဲရှိသည့် ကလေးများသည် ဘာသာစကားပိုင်းဆိုင်ရာနားလည်မှု အခက်အခဲ ထပ်မံဖြစ်စေ သကဲ့သို့ အလွတ်ကျက်မှတ်သည့် ပညာရေးစနစ် ဖြစ်လာပါကြောင်း၊ ကျူရှင်စနစ်ကို မဖြစ်မနေအားကိုးကြရပါကြောင်း၊  ယင်းစနစ်ကြောင့် အနာဂတ်လူငယ်များသည် အားကစားလုပ်ချိန်မရသည့်အပြင် ပြင်ပ ဗဟုသုတ စာဖတ်ချိန်ပါ မရပါကြောင်း၊  ဝါသနာပါရာ အနုပညာလေ့လာလိုက်စားချိန်မရဘဲ ပြင်ပလောကကြီးထဲသို့ တိုးဝင်မှု နည်းပါးသည့် လူငယ်များဖြစ်စေပါကြောင်း၊ အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ်ပါကြောင်း။

 

ထို့ကြောင့် အခြားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကဲ့သို့ ဘာသာရပ်များကို မိခင်မြန်မာဘာသာစကားနှင့်သင်ကြားပြီး အင်္ဂလိပ်ဘာသာအားပေးမြှင့်တင်မှုကို သီးခြားဆောင်ရွက်သင့်ကြောင်းကို အကြံပြုလိုပါကြောင်း၊ ထို့ကြောင့် အဆိုရှင် တင်ပြသကဲ့သို့ မြန်မာနိုင်ငံတွင်  သုတေသနရပ်ဝန်းကောင်းတစ်ခု ဖော်ဆောင်ပြီး သုတေသနလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက သုတေသနဆိုသည်မှာ မသိသေးသည့် အကြောင်းအရာ အချက်အလက်များကို စူးစမ်းလေ့လာဆန်းစစ် ဖော်ထုတ်ခြင်းဖြစ်ပါကြောင်း၊ အစောပိုင်းကတည်းက ရှိနေပြီးသော အချက်အလက်များမှ သစ်လွင်သည့် အမြင်သစ်၊ ဗဟုသုတများစွာ ရရှိရန်အတွက် စနစ်ကျသည့် စုံစမ်းစစ် ဆေးခြင်း (သို့မဟုတ်) လှုပ်ရှားမှုများပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သုတေသနသည်ရှိနေပြီး အချက်အလက်များကို ပြန်လည်ဆန်းသစ်စေပြီး ယခင်အမှားများကို  ဖယ်ရှားပြီး အမြင်သစ်များဖြင့် အစားထိုးရန် ဦးတည်စေပါကြောင်း။

 

သုတေသန ပြုလုပ်ရန်အတွက် ပညာရေးဝန်ကြီးဌာနအောက်တွင် ပညာရေး သုတေနသ၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနဟူ၍ နှစ်ခုရှိပါကြောင်း၊  ယင်းဦးစီးဌာနများ၏ ယခင်ဘဏ္ဍာနှစ်များအတွက် သုတေသနလုပ်ငန်းဆိုင်ရာ အသုံးစရိတ်များကို နှိုင်းယှဉ်ရာတွင် လိုငွေများပြနေ ကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ မှုရရှိရာတွင်လည်း အမေရိကန်ဒေါ်လာ ၄၀၄ ဒသမ ၁၅ သန်းဖြင့် အများဆုံး ရရှိခဲ့သော်လည်း ထင်ရှားသော အကျိုးပြု သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေပါကြောင်း၊ လာမည့် ဘဏ္ဍာနှစ်အတွက် ပညာရေးသုတေသန နှင့် စီမံကိန်း လေ့ကျင့်ရေးဦးစီးဌာနအတွက် ကျပ် ၁၆ ဒသမ ၅ ဘီလီယံ၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနအတွက် ကျပ် ၅ ဒသမ ၂ ဘီလီယံ သုံးစွဲရန် လျာထားကြောင်းကို လည်းတွေ့ရပါကြောင်း၊ လျာထားငွေများကို တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၃၆ ခုအတွက် ဘာသာရပ်ဆိုင်ရာသုတေသနလုပ်ငန်းများတွင် ထိရောက်စွာ သုံးစွဲနိုင်ရန် အကြံပြုလိုပါကြောင်း။

 

သုတေသနပြုလုပ်ရာတွင် စိန်ခေါ်မှုများဖြစ်သည့် ဘွဲ့ယူရန်(သို့မဟုတ်) ရာထူးတိုးရန်အတွက် တစ်သက်တွင် တစ်ကြိမ်သာ ဆောင်ရွက်နေကြခြင်း၊ အနည်းစုသာ သုတေသနကိ တစိုက်မတ်မတ်ပြုလုပ်နေခြင်း၊ အစိုးရနှင့် သက်ဆိုင်ရာ တက္ကသိုလ်ဌာနများ၊ Donors များ၏ ထောက်ပံ့မှုနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် မှု အားနည်းခြင်း၊ စက်ကိရိယာပစ္စည်းနှင့် အထောက်အကူပစ္စည်း၊ စာအုပ်စာတမ်းမရှိ ခြင်း၊ နည်းပါးခြင်း၊ မလုံလောက်ခြင်း၊ Research များကို အသုံးမချနိုင်ခြင်း၊ အသုံးချရန် နေရာမရှိခြင်း၊ Guide Line ပေးမည့်သူမရှိခြင်း၊ နိုင်ငံတကာကို မထိုးဖောက်နိုင်ခြင်း၊ Papers များ အဆင့်အတန်းမမီခြင်း၊ အချိန်ပေးမဆောင်ရွက်နိုင်ခြင်း၊ Research  ကို Sustainable နှင့် Maintainance  မပြုလုပ်နိုင်ခြင်း စသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် လိုအပ်ပါကြောင်း၊ သုတေသနကောင်းများရှိပါမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည့်အတွက် အဆိုအား လေးနက်စွာ အကြံပြုထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ အမရပူရ မဲဆန္ဒနယ်မှ ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဖလမ်း မဲဆန္ဒနယ်မှ ဒေါက်တာ ဆလိုင်းရီးယန်းဗဲလ်၊  ကျိုက်လက် မဲဆန္ဒနယ်မှ ဦးရန်လင်း၊ တန့်ဆည် မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စည်သူ၊ ရေကြည် မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်းနှင့် ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းတို့က ဆက်လက် ဆွေးနွေးကြသည်။

 

ထို့နောက် အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယင်းအဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ထောက်ခံ ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ပညာရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အ အဟုန်မြှင့်တင်နိုင်ရန်အတွက် အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနများ ပိုမိုလုပ် ဆောင်နိုင်ရန် အခြေအနေကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ သုတေသနပြုလုပ်ရန် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ၊ နည်းပညာဆိုင်ရာ စာအုပ်စာတမ်းများ၊ သုတေသန ဂျာနယ်များ၊ ဓာတ်ခွဲခန်းနှင့် စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ၊ သုတေသနစင်တာများရှိ သုတေသီများ၊ ဆရာ၊ ဆရာမများကို အသုံးချသုတေသနလုပ်ဆောင်ရန် ရန်ပုံငွေလုံ လောက်စွာ ထောက်ပံ့ချီးမြှင့်နိုင်မည်ဖြစ်ပါကြောင်း။

 

သုတေသနဂျာနယ်များထုတ်ဝေခြင်း၊ သုတေသနဆိုင်ရာ ညီလာခံ၊ ဖိုရမ်နှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်းတို့ကို တက္ကသိုလ်များအလိုက် ဆောင်ရွက်ရန် အားပေးချီးမြှင့် နိုင်မည့် အခြေအနေရမည် ဖြစ်ပါကြောင်း၊  နိုင်ငံတကာတွင်ကျင်းပသော သုတေသနညီလာခံများကို တက်ရောက်စေ၍ စာတမ်းများဖတ်ကြားစေခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဒေသလိုအပ်ချက်အလိုက် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ အထောက်အကူပြု သုတေသနများကို သက်ဆိုင်ရာ တက္ကသိုလ်များမှ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေထိရောက်ရှိအောင် အားပေးမြှင့်တင်နိုင်မည် ဖြစ်ပါကြောင်း၊ အသုံးချ သုတေသနများ ပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် သုတေသနရလဒ်များဖြင့် သုတေသနစာတမ်း များဖတ်ကြားနိုင်ခြင်း၊ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားပြုစု ခြင်း၊ လက်တွေ့နယ်ပယ်နှင့် နီးစပ်သော သင်ကြားသင်ယူမှုများ ပိုမိုပြုလုပ်လာနိုင် မည်ဖြစ်သဖြင့် အဆိုအား လက်ခံဆောင်ရွက်သင့်ပါကြောင်း  ထောက်ခံတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကို သြဂုတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)