ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၃၁ သြဂုတ်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယနေ့အစည်းအဝေးတွင် ဆက်သွယ်ရေး၊ မြေယာလျော်ကြေးငွေရရှိရေး၊ တရားမဝင် ဖမ်းဆီးရရှိသည့်ပစ္စည်းများ မပျက်စီးမီ လေလံတင်ရောင်းချရေး၊ ဘဏ်ခွဲအဆင့် တိုးမြှင့်ပေးရေးနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ဒေသစရိတ်ခံစားခွင့်ပေးရေးတို့နှင့် သက်ဆိုင်သည့် မေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ အဆို(၂)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ(၁)ခု တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ လူနေရပ်ကွက်၊ ကျေးရွာများအတွင်း ဆောက်လုပ်ထားသော ဆက်သွယ်ရေး တာဝါတိုင်များ၏ ကြံ့ခိုင်ရေးနှင့်ပတ်သက်၍ စစ်ဆေးရေး အစီအစဉ်များ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် လိုင်စင်ရ ဆက်သွယ်ရေးအော်ပရေတာများနှင့် တာဝါတိုင်တည်ဆောက်သည့် ကုမ္ပဏီများအနေဖြင့် တာဝါတည်ဆောက်ခွင့်များ တင်ပြလျှောက်ထားလာပါက မြေစိုက်တာဝါ တည်ဆောက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက် (၁၇) ချက်၊ ခေါင်မိုးပေါ်တွင် တပ်ဆင်သည့်တာဝါ တည်ဆောက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက် (၁၅) ချက်တို့နှင့်အညီ တင်ပြလျှောက်ထားလာခြင်း ရှိ၊မရှိကို စိစစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ တည်ဆောက်ခွင့် ရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ 

 

လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာများနှင့် တာဝါတိုင်တည်ဆောက်သည့် ကုမ္ပဏီများသည် တာဝါတိုင်များ၏ ကိုယ်ထည်ကြံ့ခိုင်မှု၊ တာဝါဖောင်ဒေးရှင်း၊ ကြိုးဆိုင်း တာဝါများ၏ဆိုင်းကြိုးများ ကြံ့ခိုင်မှု၊ တာဝါသံချေးတက်ခြင်းမှ ကာကွယ်ရန် သုတ်ထားသည့် ဆေးအခြေအနေ၊ တာဝါခြံစည်းရိုး ကောင်းမွန်မှု ရှိ၊ မရှိ စစ်ဆေးခြင်းတို့ကို(၆) လတစ်ကြိမ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတိုင်း စစ်ဆေးဆောင်ရွက်သွား ရန်နှင့်မူလီနှင့် နပ်ခေါင်းများ၊ တာဝါလှေခါးများ၊ အချက်ပြမီးများ၊ တာဝါကြံ့ခိုင်မှု၊ မြေစိုက်စနစ် ကောင်းမွန်မှုတို့ကို တစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးဆောင်ရွက်သွားရန် ညွှန်ကြားထားပါကြောင်း။

 

ယခုအခါ ဝန်ကြီးဌာနအနေဖြင့် တာဝါတိုင်များတွင် အသုံးပြုမည့် တည်ဆောက်ရေးပစ္စည်းများ၏ ကြံ့ခိုင်မှုကိုစိစစ်နိုင်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ရ အင်ဂျင်နီယာများနှင့် စည်ပင်သာယာရေးကော်မတီများ၏ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုင်စင်ရ အင်ဂျင်နီယာများ၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အသုံးပြုသော သံမဏိပစ္စည်းများ၏ အရည်အသွေး စစ်ဆေးမှုများအတွက် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရ Third Party ကုမ္ပဏီများမှ ဓာတ်ခွဲခန်းစမ်းသပ်ပြီး လက်မှတ်များပါရှိမှသာ ခွင့်ပြုနိုင်ရေး စိစစ်ဆောင် ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။ 

 

ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ တရားမဝင်ရောင်းဝယ် ဖောက်ကားရာမှ ဖမ်းဆီးရရှိသော သက်သေခံပစ္စည်းများဖြစ်သည့် မော်တော်ယာဉ်၊ ယာဉ်များနှင့် သစ်တောထွက်ပစ္စည်းအား အရည်အသွေး မပျက်စီးမီ အမြန်ဆုံး လေလံတင်ရောင်းချရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖမ်းဆီးရမိသည့် ယာဉ်များမှာ လိုင်စင်မဲ့ယာဉ်များဖြစ်ပါက အပ်နှံမည့် အကြောင်းကြားစာ ရရှိသည်နှင့် တစ်ပြိုင်နက် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့များဖြင့် သွားရောက်စစ်ဆေး၍ လွှဲပြောင်းလက်ခံဆောင်ရွက်ပြီး သက်ဆိုင်ရာတရားရုံးများက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမိန့်ချမှတ်ပြီးပါက ပြုပြင်သုံးစွဲနိုင်သည့် အဆင့်ရှိ ယာဉ်များကို လိုအပ်သည့်ဌာန၊ အဖွဲ့အစည်းများသို့ ခွဲဝေပေးပါကြောင်း၊ ပြုပြင်သုံးစွဲရန်မသင့် (သံရည်ကျို) အဆင့်ယာဉ်များကို သံရည်ကျို ဖျက်ဆီးနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့သို့ တင်ပြခွင့်ပြုချက်ရယူ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပါကြောင်း။

 

အလားတူ ဖမ်းဆီးရမိ သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများနှင့် ပတ်သက်၍ တရားမဝင် သစ်ခွခြောက်များအား ဖမ်းဆီးရမိပါက သုတေသန ပြုလုပ်ရန်အတွက် သစ်တောသုတေသနဌာနတွင် ဓာတ်ခွဲစမ်းသပ်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် သစ်ခွအစိုများ ဖမ်းဆီးရမိပါက သစ်တောဦးစီးဌာနရှိ သစ်ခွပျိုး ဥယာဉ်များတွင် ပြုစုထားရှိပါကြောင်း။ ဖမ်းဆီးရမိသည့် တရားမဝင် ထင်း၊ မီးသွေး၊ ကြိမ်၊ ဝါးများအား အမှုပြီးပြတ်ပါက လေလံစီမံချက်ရေးဆွဲ၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က လေလံစည်းမျဉ်းစည်းကမ်းများနှင့်အညီ လေလံတင်ရောင်းချခြင်းနှင့် ဌာနသုံးရန်လိုအပ်ပါက အခွန်နှုန်းထားဖြင့် သုံးစွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသုံးမလိုသည့် ပစ္စည်းများကို ပျက်စီးမှုမဖြစ်မီ ဌာနများသို့ ခွဲဝေသုံးစွဲခြင်းနှင့် လေလံတင်ရောင်းချခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပိုမိုမြန်ဆန်စွာ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မာန်အောင် မဲဆန္ဒနယ်မှ ဦးတင်နု (ခ) ဦးတင်နုအောင်၏မြန်မာနိုင်ငံ အတွင်းရှိ လူမှုရေးခက်ခဲသော ဒေသအဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်လျက်ရှိကြသော အငြိမ်းစား ဝန်ထမ်းများအား လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကဲ့သို့ ဒေသစရိတ် ခံစားခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်း အနေအထားအရ သုံးငွေက ရငွေထက် ပိုမိုနေသဖြင့် လိုငွေဖြစ်ပေါ်နေသည့် အနေအထားရှိပါကြောင်း၊ တည်ဆဲပင်စင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ လည်းကောင်း၊ နိုင်ငံတော်၏ဘဏ္ဍာရေး အခြေအနေအရလည်းကောင်း ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသအဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်လျက်ရှိသော အငြိမ်းစားဝန်ထမ်းများအား လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကဲ့သို့ ဒေသစရိတ်ခံစားခွင့်ပေးရန် အစီအစဉ်မရှိပါကြောင်း  ဖြေကြားသည်။

 

အလားတူ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်၏ တောင်ဥက္ကလာပမြို့နယ်၊ မေတ္တာလမ်း မကြီးကိုဖြတ်၍ မင်္ဂလာဈေးသို့ ရောက်ရှိသော မူလခရီးစဉ်အတိုင်း လိုင်းတစ်လိုင်း (သို့မဟုတ်) မေတ္တာလမ်းမမှ မင်္ဂလာဈေးသို့ ရောက်ရှိသော လိုင်းတစ်လိုင်း လိုအပ်လျက်ရှိနေပါသဖြင့် မည်သို့စီစဉ်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၏ စစ်တွေ- မင်းဘူး ရထားလမ်း ဖောက်လုပ်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာမှ ကျောက်ဆိပ်ကျေးရွာ လမ်းပိုင်းပေါ်ရှိ ပျက်စီးသွားသော မြို့ပေါ် လယ်သမား ၂၈ ဦး တို့၏လယ်မြေ ၅၁ ဧကခန့်အတွက် လျော်ကြေးငွေများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ဒုတိယဝန်ကြီး ဦးသာဦးကလည်းကောင်း၊ ဟိုပန်မဲဆန္ဒနယ်မှ ဦးကျင်ဝမ်း၏ ဟိုပန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ငွေတိုက်ခွဲကို မြန်မာ့စီးပွားရေးဘဏ်ခွဲ အဆင့်သို့ တိုးမြှင့်ပေးရန်နှင့် ဘဏ်နှင့်ဘဏ်ဝန်ထမ်းများ လုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်းကောင်း ပြန်လည်ဖြေကြားကြသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့သော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ လွှတ်တော်က တည်ပြုကြောင်းဆုံးဖြတ်သည်။

 

ထို့နောက် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက်ခိုင်က မတူကွဲပြားသော လုပ်ငန်းသဘာဝရှိကြသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများအား သဘာဝအားဖြင့် တူညီသော လုပ်ငန်းအလိုက် တူရာစုဖွဲ့ပြီး အုပ်စုတစ်ခုစီနှင့် ဆီလျော်သော ပြုပြင်ပြောင်းလဲရေးမူဝါဒများ ချမှတ်ပြီး အားလုံးကို လွှမ်းခြုံနိုင်သည့် နိုင်ငံပိုင်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးစီမံချက်နှင့် မဟာဗျူဟာ တစ်ရပ်ချမှတ် အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းသည်။

 

အဆိုတွင် နိုင်ငံပိုင်စီးပွားရေးကြောင့် ဖြစ်ပေါ်နေသော ဘဏ္ဍာရေး ဖိအားများကို ဖြေလျော့စေရန်၊ ၂၀၁၃နှင့် ၂၀၁၄ဘဏ္ဍာနှစ်တွင်  စတင်ခဲ့သည့်  နိုင်ငံပိုင်စီးပွားရေး ပြုပြင်ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ပိုင်ဆိုင်မှု၊ ကြပ်မတ်ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုမှန်ကန်ထိ ရောက်စေရန်၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအားလုံးကို လွှမ်းခြုံနိုင်သည့် အလုံးစုံ ပြုပြင်ပြောင်းလဲမှု စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်အတွက် တင်သွင်းရခြင်းဖြစ်ကြောင်း အဆိုရှင်ကပြောကြားသည်။

ဆက်လက်၍ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်က နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေသည့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်စေရေးအတွက် မဟာဗျူဟာ ချမှတ်၍ ထိရောက်စွာကိုင်တွယ် ဖြေရှင်းပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းသည်။

 

အဆိုရှင်က  တရားမဝင်ကုန်သွယ်မှုသည် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို ထိခိုက်စေခြင်း၊ တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုများကြောင့် တောင်သူလယ်သမားများနှင့် မွေးမြူရေးသမားများအတွက် အများဆုံးထိခိုက်နိုင်ခြင်း၊ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေခြင်း၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ဖြစ်ပွားစေနိုင်ခြင်း၊ နိုင်ငံတော်အတွက် အခွန်ရရှိမှုကို နည်းပါးစေခြင်း၊ လာဘ်ပေး လာဘ်ယူမှုများကို ဖြစ်ပွားစေနိုင်ခြင်းနှင့် တရားမဝင်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် ယဉ်ကျေးမှုကို ထိခိုက်စေနိုင်သည့်အတွက် အဆိုကိုတင်သွင်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုများနှင့်စပ်လျဉ်း၍ လွှတ်တော်က လက်ခံဆွေးနွေး ရန်ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက လွှတ်တော်သို့ တင်ပြသည်။

 

အဆိုပါအစီအရင်ခံစာတွင် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်လျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော်များ၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးဆိုင်ရာဥပဒေများတွင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် လိုအပ်မည့်အချက်အလက်များကို ရှာဖွေလေ့လာ၍ လွှတ်တော်သို့ တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

ယင်းအစီအရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို စက်တင်ဘာ(၅)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

 

မျိုးမြင့်